ရတနာ သုံးပါး ၏အဓိပ္ပါယ်၊ ဗုဒ္ဓ၀င် ၊ နှိုးဆော်အကြံပေးချက်၊ နေ့ထူးနေ့မြတ် ၊ လူတို့၏ ကျင့်ဝတ်များ၊ ဗဟုသုတ ၊ နည်းပညာနှင့် solfware ၊ ကဗျာ နှင့် ဗေဒင်
Sunday, July 21, 2013
ဝါဆိုလပြည့် ဓမ္မစကြာနေ့
ဗုဒ္ဓမြတ်စွာဘုရားသည် ဓမ္မစကြာတရားဦးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နေလည်းဝင်စ၊ လလည်းထွက်ပြူချိန်ဖြစ်သော ၀ါဆိုလပြည့်၊ စနေနေ့၊ ညနေချမ်းအချိန်အခါတွင်ဟောကြားတော်မူခဲ့ပါသည်။နေလနက္ခတ်တာရာနှင့်
ပျားပန်းခတ်မျှတရားလာနာသွားကြသော နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများ၊ တစ်လောလုံး အခါမဲ့ပွင့်သော ပန်းများကြောင့် ထူးခြားသောနေ့ကြီးတစ်နေ့လည်းဖြစ်ပါတော့သည်။ မြတ်စွာဘုရားသည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီ ၅-ဦးတို့အား ရှောင်ကြည်ရန် ၀ဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ လိုက်နာကျင့်ကြံရန်မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းစဉ်ခေါ်
မဂ္ဂင်ရှစ်ပါး၊
သစ္စာလေးပါး၊
တို့ဖြင့်တန်ဆာဆင်အပ်သော
" ဓမ္မစက္ကပ၀တ္တနသုတ္တန် " "ဓမ္မစကြာ" တရားတော်မြတ်ကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညထေရ်သည် နတ်၊
ဗြဟ္မာ ၁၈-ကုဋေတို့နှင့်အတူ သောတာပန် တည်တော်မူလေသည်။ တရားဒေသနာအပြီးတွင် မဟာပထ၀ီမြေကြီး
လည်း မြည်ဟည်း တုန်လှုပ်သွားသည်။ လပြည့်ကျော် ၁-ရက်နေ့မှစ၍ ၄-ရက်တိုင်တိုင် "ဓမ္မစကြာ" တရားတော်အ
တိုင်း ကျင့်ကြံအားထုတ်စေတော်မူရာ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ လေးဦးတို့လည်း တစ်ရက်ပြီး တစ်ရက်၊ တစ်ပါးပြီး တစ်ပါး သောတာပန်တည်ကြလေ၏ ။ ၀ါဆိုလပြည့်ကျော် ၅ရက်နေ့တွင် " အနတ္တလက္ခဏသုတ္တန် " ကို
ဟောကြားတော်မူရာ ပဉ္စ၀ဂ္ဂီ-၅ပါးလုံး ရဟန္တာဖြစ်တော်မူကြလေသည်။
ဓမ္မစကြာဟောတော်မူသောနေ့
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွေး၊ ဖြန့်ချိသွား၍၊
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊
စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊
ဟောဖော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။
ဗုဒ္ဓမြတ်စွာဘုရား ၀ါဆိုစဉ်လင်္ကာ
တက်ထွန်းကျက်သရေ၊ သုံးလူ့ဆွေကား၊ အောင်မြေသီရိ၊ ဗောဓိသမီပ၊
ရပ်ဌါန၌၊ နှစ်လမှန်တယ်၊ ရက်ခြောက်ဆယ်ဖြင့်၊ သပ္ပါယ်မျှတ၊ နေပြီးမှလျှင်၊
ပထမ၀ါ၊ ဗာရာဏသီ၊ မြိုင်တောမှီ၏ ၊ နောက်ချီဒုတိယ၊ တတိယနှင့်၊ စတုတ္ထ၀ါ၊
ပြည်ရာဇဂြိုလ်၊ ၀ါးညိုကျောင်းလှ၊ ၀ါကပ်မျှ၏ ၊ ပဉ္စမ၀ါ၊ ပြည်ဝေသာလီ၊
လိစ္ဆ၀ီမင်းပေါင်း၊ ဆောက်တုံရှောင်းသည့်၊ ကျောင်းမဟာဝန်၊ တတန်ဆဌ၊
မကုဠတောင်မှာ၊ ခုနှစ်ဝါသော်၊ တာဝတိံရောက်၊ မြောက်တုံရှစ်ဝါ၊ ဘဂ္ဂါယန၊
ကိုးဝါကျသော်၊ ဌာနပူရိ၊ ကောသမ္ဗိ၌၊ ဃောသိတာရုံ၊ ရွှေဘုံမှီကပ်၊ ဆယ်ဝါရပ်ကား၊
မလှုပ်သိပ်သည်း၊ ပလလည်းသာမော၊ ဆင်မင်းတောဝယ်၊ ရှင်စောမှီကာ၊
ဆယ့်တစ်ဝါကား၊ နာဠာထင်ရှား၊ ပုဏ္ဏားနေထ၊ ရပ်ဂါမတည့်၊ ဒွါဒသယှဉ်၊
ဝေရဉ္ဇခေါ်၊ ဆယ့်သုံးသော်ကား၊ တောင်ကျော်သာလှ၊ စာလိယ၌၊ ကပ်ထပြီးခါ၊
ဆယ့်လေးဝါတွင်၊ သာဝတ္ထိတောင်စွန်၊ ဇေတ၀န်ထင်ရှား၊ ရွှင်ပျော်ပါး၏ ၊
ဆယ့်ငါးဝါမှ၊ ကပိလတွင်၊ စိမ်းမြရိပ်သာ၊ နိကြေဓာဟု၊ ကျောင်းသာစံမြောက်၊
ဆယ့်ခြောက်ဝါဆီ၊ အာဠ၀ီဟု၊ ပုရီဘက်မဲ့၊ ပျော်စံခဲ့၍၊ ဆယ့်ခုနှစ်ဝါ၊ ထိုသောခါလျှင်၊
ရာဇဂြိုလ်ဌါန၊ သာလှဗိမာန်၊ နတ်ဌါန်တူလျော၊ ၀ါးတောညိုလဲ့၊ အောင်ပွဲဖွဲ့၏ ၊
တစ်ဆယ့်ရှစ်ဝါ၊ ဆယ့်ကိုးဝါ၌၊ စာလိယရောက်၊ ၀ါဆိုမြောက်၏ ၊ ပယ်ဖျောက်ရန်ကွာ၊
နှစ်ဆယ်ဝါကား၊ ရာဇဂြိုလ်၎င်း၊ ရောက်ပြန်ရှောင်း၏ ၊ နှစ်ပေါင်းဝီသ၊ ပထမဗောဓိ၊
မုနိမြတ်စွာ၊ ၀ါဆိုပါလည်း၊ မြဲစွာမရှိ၊ နောက်ဗောဓိကား၊ သာဝတ္ထိမှာ၊ ပုဗ္ဗာရုံမွန်၊
ဇေတ၀န်ဟု၊ နှစ်တန်ကျောင်းမှာ၊ လူးလာမဝေး၊ နှစ်ဆယ့်လေးပါး၊ နေပြီးခါမှ၊
နိဗ္ဗာနသို့၊ ကြွအံ့လူလူ၊ ၀ါတစ်ခုကား၊ ဝေဠုဝရွာ၊ ကပ်မှီလာ၏ ၊ သင်္ချာမှတ်သား၊
ဆယ့်ငါးဌါန၊ ပဉ္စတ္တာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ တိုင်ခါဝယ်၌၊ ဘုန်းကြွယ်ထွဋ်ခေါင်၊
ခေမာသောင်းသို့၊ ရွှေဖောင်တော်ယွန်း၊ စံသိမ်းမြန်းသည်၊ သုံးခန်းလူတို့မှန်ကူတည်း။
<
ဝါဆိုဟူသော ဝေါဟာရသည် အင်းဝခေတ်ရောက်မှ တွင်ကျယ်လာသည်။ ၀ါဆို ဟူသည် ရဟန်းသံဃာတို့ ၀ါဆိုကပ်ပြုတော်မူသောကာလဟု ဝေါဟာရ လီိနတ္ထဒီပနီ ကျမ်းကဆိုသည်။ မြန်မာလ အမည်များ စာအုပ်ကမူ ရဟန်းတော်များ မိုးတွင်းသုံးလ အတွင်း ကျောင်း၌နေပါမည်ဟု ရွတ်ဆိုသော ကာလ (၀ါသ-နေခြင်း + ဆို-ရွတ် ဆိုခြင်း) ဟုဆိုသည်။မြန်မာ့ရိုးရာရာသီပွဲတော်များကျမ်းကတော့ ရဟန်းတော်များ မိုးသုံးလပတ်လုံး အခြားအရပ် သို့ ညဥ့်အိပ်မသွားဘဲ ဤကျောင်း၌နေပါမည်။ မိုးခိုပါမည် ဟုရွတ်ဆိုသောလ (၀ဿ-၀ါ= နေခြင်း=မိုးခိုခြင်း ၊ဆို = ရွတ်ဆိုသောလ) ဟုဆိုသည်။ အချို့ပညာရှင် တို့ကမူ ရဟန်းတော်များ မိုးသုံးလအတွင်း မှီတင်းနေထိုင်သော လ (၀ါသော-၀ါ+ဆို= ရွတ်ဆိုသောလ) ဟု ဆိုကြသည်။
ဝါဆိုလသည် နွေရာသီတစ်ဝက် ၊ မိုးရာသီတစ်ဝက်လ ဖြစ်သည်။ ရှေ့အဆန်း ဆယ့်ငါး၇က်က နွေရာသီ၌ အကျုံး ၀င်၍ နောက်လပြည့်ကျော် ဆယ့်ငါးရက်က မိုးရာသီတွင် အကျုံးဝင်သည်။ ၀ါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေး လှုပ်ပွင့်ကြသဖြင့် “၀ါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး“ ဟု တောင်သူဦးကြီးတို့ ဆိုခဲ့ကြသည်။ ၀ါဆိုလ တွင်မိုးများသည်းထန်စွာရွာသွန်းလို့လယ်ကွင်းပြင်တစ်ခုလုံး ရေတွေဖွေးနေသဖြင့်“ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ” ဟုဆိုခဲ့ကြသည်။ နေ့ဝါဆို ညပြာသို ဆိုသည့်အတိုင်း ၀ါဆိုလတွင် ညတာတို၍ နေ့တာရှည်သည်။ ၀ါဆိုလ၌ မွန်း တည့်ချိန်တွင် လူရိပ်မထွက် ၊ နေပူတွင်ရပ်နေလျှင် လူရိပ်က လူ့အောက်မှာ ပျောက်နေသည်။ ထို့ကြောင့် “၀ါဆိုလူ့အောက် ၊ အရိပ်ပျောက်“ ဟု ဆိုကြသည်။
ပုဂံခေတ်က ၀ါဆိုကို မလွတ်တာ ၊ မြွယ်တာ ၊ နွယ်တာ ၊ နွေတာဟု အမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြ၏။ အဓိပ္ပာယ် လယ်မြေတိုင်းသောကာလ မြေတိုင်းလ (မြွယ်၊ လယ်မြေ ၊ တာ-တိုင်းတာသောလ) နွေရာသီလွန်ပြီးသောကာလ (နွေ-နွေရာသီ ၊ တာ (အတီတာ) လွန်ပြီးသောကာလ) နွေရာသီ၏ အဆုံးဖြစ်သောကာလ(နွေ-နွေရာသီဝတာ (အန္တတာ) အဆုံးဖြစ်သောကာလ ) ဟု အဓိပ္ပာယ် ထွက်သည်။
ရှေးပဒေသရာဇ်ခေတ်က ၀ါဆိုလ၏ ပွဲတော်သည် ပဉ္ဇင်းခံ ရှင်ပြုပွဲတော်ဖြစ်သည်။ ဗုဒ္ဓသာသာနာတော် တိုးတက် စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားရေးတို့ကို ရည်ရွယ်၍ ရှေးဘုရင်များက အမြော် အမြင်ကြီးစွာ ကျင်းပခဲ့ ကြသည်။ ၁၈၈၅ ခုနှစ်တွင် ပဒေသရာဇ်ခေတ်နဲ့အတူ ထိုရာသီပွဲတော်ကွယ် ပျောက် သွားပြီးနောက်ပိုင်း ၀ါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ် ရောက်ရှိလာခဲ့သည်။ ၀ါဆိုပွဲတော်ဟူရာ၌ သံဃာတော် များ ၀ါဆိုကပ်ပွဲ ၊ ၀ါဆိုပန်းဝါဆိုဆွမ်း ၊ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ ၊ သက်ကြီးပူဇော်ပွဲများ ပါဝင်လေသည်။
“သန္ဓေ၊ တောထွက် ၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ“ ဆိုသည့်အတိုင်း ၀ါဆို လပြည့်နေ့သည်ဘုရားအလောင်းတော် ပဋိသန္ဓေယူသည့်နေ့ဖြစ်သည်။ အလောင်းတော် တော်ထွက်တော်မူရာနေ့ ဖြစ်သည်။ ဘုရားရှင်တန်ခိုး ပြာ ဋိ ဟာ ပြတော်မူသောနေ့ လည်းဖြစ်သည်။ရှေးဆရာများက ၀ါဆိုလပြည့် နေ့ကို ဓမ္မစကြာအခါတော်နေ့ အဖြစ် သတ်မှတ်ကြသည်။
မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့် စနေနေ့ ညနေချမ်း နေ၀င်လထွက်ချိန်တွင် ပဉ္စ၀ဂ္ဂီငါးဦး အမှူးရှိသော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့သည်။
သတ္တ၀ါတို့သည် သုံးဆယ့်တစ်ဘုံ သံသရာထဲ၌ အိုရ ၊ နာရ ၊ သေရ စားရေးအတွက် ပူပန်ရ၊ ၀တ်ရေးအတွက် ပူပန်ရ ၊ နေရေးထိုင်ရေးအတွက် ပူပန်ရ၊ သားရေးသမီးရေး အတွက် ပူပန်ရ ထိုသို့ သောကပရိဒေ၀ ဒုက္ခဒေါမ နဿတွေနှင့် လုံးလည်ချာလည်လိုက်နေတော့၏။ အဘယ့်ကြောင့် ထိုသို့ သောကဗလဗွနှင့် ဒုက္ခရောက်နေကြပါ သနည်းဟု အကြောင်းမှန်ကို ရှာလိုက်တော့ အမှန်တရားကို မသိရှိခြင်း ၊ အမှန်တရားကို ဖုံးကွယ်ခံထားရခြင်း ခံစားခွင့်အကျိုးထူးကို မခံစားရခြင်း ကြောင့်ဖြစ်၏။ အမှန်တရားကို မည်သူက ဖုံးကွယ်ထားသနည်းဟု အကြောင်း ရင်းကို ရှာပြန်သော် အ၀ိဇ္ဇာက ဖုံးကွယ်ထားခြင်း ဖြစ်၏။
ဆရာကြီးဦးရွှေအောင်က အ၀ိဇ္ဇာသည် ဖုံးလည်းဖုံးတတ်သည်။ ဖော်လည်း ဖော်တတ်သည်ဟု ဆို၏။ အ၀ိဇ္ဇာက ဟုတ်တာမှန်တာကိုကျ ဖုံးထား၏။ မဟုတ်တာ မမှန်တာကျ ဖော်ပြ၏။ မဟုတ်တာ မမှန်တာဟူသည် ပုဂ္ဂိုလ်၊ သတ္တ ၀ါ ၊ ငါ သူတပါး ၊ အထီး အမ အကောင်အထည် ၊ ဒြပ်ဝတ္ထုများ ဖြစ်၏။ ဘုရားရှင်သည် အ၀ိဇ္ဇာအမှောင်ထုမှ ဦး စွာ ဖောက်ထွက်၍ အ၀ိဇ္ဇာအလင်းရောင်ထဲသို့ ဦးစွာရောက်ခဲ့၏။ သစ္စာဓမ္မအမှန်တရားကို ဦးစွာပထမ သိရှိခဲ့၏။ အမှန်တရားကို သိရှိသဖြင့် ဗုဒ္ဓဟူသော အမည်နာမကို ရရှိခဲ့၏။ ထိုအမှန်တရားကို ထုတ်ဖော်တင်ပြ ၊ ဟောပြ ပို့ချခြင်းကြောင့်လည်း ဗုဒ္ဓဟူသော အမည်ထူးကို ရရှိ၏။ဘုရားရှင်သည် အစွန်းလွတ်သော ကျင့်စဉ်ကို ချပြတော်မူ၏။ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဟု ခေါ်၏။ အလယ်အလတ် ကျင့်စဉ်ဟု အဓိပ္ပာယ်ရ၏။ ထိုကျင့်စဉ်သည် ဓမ္မရေး၌သာမက လောကရေး၌ပါ အလွန် အရေးပါလှ၏။ လော ကရေးဟူသည် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ နိုင်ငံရေး စသည် လူနှင့်ဆိုင်သောအရေးအားလုံး အကျုံးဝင်၏။ မှန်မှန်လျှောက် ခရီးရောက်သည်။ အမှန်ကို အမြန်လိုက် မမီနိုင်ဟူသော ဆိုရိုးစကားတို့၌ မှန်မှန်-အမှန်ဟူသည် မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြစ်၏။ မဇ္ဈိမပဋိပဒါ ကျင့်စဉ် နှင့်အညီ အရာရာကို မှန်မှန်လေး လုပ် ကိုင်ဆောင်ရွက်ခြင်းသည် လိုရာကိစ္စ ပြီးမြောက်ဖို့ သေချာ၏။ အမြန်သမားနှင့်အမှန်သမားနှစ်ဦး ယှဉ်ပြိုင်လုပ်ကိုင်ရာ ရေရှည်မှာ အမှန်သမားက ပို၍ ခရီးရောက်သည် ကို တွေ့ရ၏။
လူမှုကိစ္စအရေးပေါင်းများစွာ၌ အစွန်းမထွက်ဖို့လို၏။ အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့ လို၏။ အစွန်းရှောင် ၍ အလယ်လမ်း အမှန်လမ်းက လျှောက်မှသာ အမှန်တရားကို တွေ့ရှိနိုင်၏။ တကယ်တမ်းကလည်း ချမ်းသာသုခ ဟူသည် အမှန်တရား၏ အရိပ်အာဝါသ အောက်တွင်သာ ရှိ၏။ အမှန်တရား၏ ရိပ်မြုံ၌သာ ချမ်းသာသုခကို ရှာဖွေတွေ့ရှိနိုင်၏။ ချမ်းသာချင်လျှင် အမှန်လမ်းကြောင်းက သာ လျှောက်ရ၏။ အမှန်လမ်းကြောင်းပေါ်ရောက် ဖို့ လောဘစွန်းကလည်း မသွားနှင့်။ ဒေါသစွန်းလမ်း ကြောင်းကလည်း မသွားနှင့်။ အချစ်လမ်းကြောင်းကလည်း မသွားနှင့်။ အမုန်းလမ်းကြောင်းကလည်း မသွားနှင့်။ လောဘစွန်း အချစ်လမ်းကြောင်း၏နောက်မှာ တယူသန်မှုဒိဌိ၊ ငါတကောကောမှု မာနတွေ ပါဝင်၏။ ဒေါသစွန်း အမုန်းလမ်းကြောင်း၏ နောက်မှာ မနာလိုမှု ၊ ဿာဝန်တိုမှု ၊ မစ္ဆရိယ တို့ပါဝင်၏။
အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခြင်းဖြင့် လမ်းမှားသွားခဲ့၏။ နောက်မှ လမ်းမှားမှန်းသိပြီး ပုံ မှန်လမ်း ၊ မဇ္ဈိမပဋိပဒါလမ်းပေါ် ပြန်တက်ပြီး လျှောက်မှသာ အမှန်တရားကို တွေ့ရှိတော့၏။ သူကိုယ်တိုင် အမှန် တရားကို တွေ့ရှိပြီးအခါ ကမ္ဘာလောကကြီးကို ကြည့်လိုက်တော့ ကမ္ဘာလောကကြီးတစ်ခုလုံး အ၀ိဇ္ဇာအမှောင် ထု ကြီး လွှမ်းဖုံးပြီး အမှန်တရားပျောက်ကွယ်နေတာကို တွေ့ရ၏။ သတ္တ၀ါအားလုံး အမှောင်လမ်းမှာ စမ်းတ၀ါးနှင့်ဒု က္ခတွေ ပင်လယ်ဝေနေတာကို တွေ့ရ၏။ ထို့ကြောင့် သစ္စာလေးပါး အမှန်တရား မီးရှူးတိုင်ကို ထွန်းညှိပြချင်လို့ ဦးစွာပထမ သစ္စာလေးပါး အမှန်တရားကို တရားဦးအနေနဲ့ ဟောတော်မူခဲ့သည်။
ဘုရားရှင် အမှန်တရားကို ရှာဖွေတွေ့ရှိရာ၌ လျှောက်လှမ်းခဲ့သော မဇ္ဈိမပဋိပဒါ အစွန်းလွတ်လမ်းစဉ်ဟူသည် မဂ္ဂင် ရှစ်ပါးဖြစ်၏။
ဤမဇ္ဈိမ ပဋိပဒါ အမှန်လမ်းကြောင်းက လျှောက်လျှင် ချမ်းသာဖို့ သေချာ၏။ ချမ်းသာသုခ တစ်ခု မျှ၌ လောက အထုအကုန်စု၏ ဟု ဆိုသည်။ လောကသားအားလုံး၏ ဆန္ဒသည် တစ်နေရာတည်းမှာ သွား၍ စုမိကြသည်။ ထိုနေ ရာက ချမ်းသာသုခဖြစ်၏။ လယ်သမားလည်း ချမ်းသာချင်သည်။ ကုန်သည် ပွဲစားလည်း ချမ်းသာချင်သည်။ လခ စား ၀န်ထမ်းများလည်း ချမ်းသာချင်သည်။ လူတိုင်း လူတိုင်း ချမ်းသာချင်သည်။ ချမ်းသာစေလျှင် ချမ်းသာချင်လျှင် မဇ္ဈိမ ပဋိပဒါ အလယ်လမ်းက လျှောက်ဖို့လို၏။ ဘယ်ဘက်ကိုမှ အစွန်းမထွက်စေနှင့် ။ အစွန်းထွက်လျှင် ဒု က္ခရောက်လိမ့်မည်။
ပုထုဇဉ်သည် အတ္တကကြီးစိုးသဖြင့် အရာရာကို အတ္တဘက်ကသာ ကြည့်၏။ အတ္တဘက်ကသာ တွေး၏။ အတ္တ ဘက်ကို ဘက်လိုက်၏။ ပုထုဇဉ်သည် အတ္တကို အရမ်းညှာလွန်းတော့ အတ္တကို ညာရ၏။ အတ္တကို ညာသူသည် ပရကိုလည်း ညာတော့၏။ ညာဟူသည် မုသားပင်ဖြစ်၏။ မုသားဟူသည် သစ္စာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သစ္စာ ကို ဆန့်ကျင်လျှင် အတ္တသို့မဟုတ် ပရ တစ်ဦးဦးတော့ ဒုက္ခရောက်မှာ သေချာ၏။ အတ္တ ဒုက္ခရောက်ခြင်းသည် အတ္တကြောင့်ချည်းမဟုတ် ။ ပရ ကြောင့် ဒုက္ခရောက်ရတာတွေ လည်း အများကြီးရှိသည်။ ပရကို ဒုက္ခပေးလျှင် ထိုဒုက္ခသည် နောက်ဆုံးတော့ အတ္တထံမလွဲမသွေ ရောက်လာမှာ သေချာ၏။ ချမ်းသာသုခဟူသည် သစ္စာနှင့် ယှဉ်မှသာ ရေရှည်ရနိုင်၏။ မုသားနှင့်ယှဉ်၍ မရနိုင်။ ချမ်းသာချင်လျှင် ချမ်းသာစေချင်လျှင်တော့ သစ္စာတရား ကို မြတ်နိုးမှ ဖြစ်မည်။ အမှန်တရားနှင့် ရင်းနှီးယူမှရမည်။ ဒုက္ခတွေ့နေပြီ ဆိုလျှင် တခုခုတော့ မှားနေသည် မှာ သေချာ၏။ ထိုအမှားကို တွေ့အောင်ရှာ၊ သိအောင်လုပ် ၊ အမှားကို အမှန်ဖြစ်အောင် ပြုပြင်၊ အမှားကို အ မှန်ဖြစ်အောင် ပြုပြင်ရဲသော သတ္တိသည်သာ သတ္တိအစစ်ဖြစ်၏။ သတ္တိအစစ်ကသာ ချမ်းသာသုခကို ဖန် ဆင်းနိုင်၏။ သတ္တိအစစ်အမှန်လျှင် မိုက်ရူးရဲသာဖြစ်မည်။ မိုက်ရူးရဲကတော့ ဆင်းရဲကောင်းရုံသာ ရှိမည်။
ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့် ဆည်းပူးပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့ခြင်းသည် ဝေနေယျသတ္တ၀ါ အများ ချမ်းသာစေဖို့ဖြစ်၏။ ချမ်းသာ တရားကို ဦးစွာပထ မ ဟောတော်မူခြင်းဖြစ်၏။ သစ္စာသိမှသာ ကိစ္စအားလုံးပြီးမြောက်မည်။ ထို့ကြောင့် ဘုရားရှင်က သစ္စာလေးပါးကို တရားဦးအနေနှင့် ဟောတော်မူခဲ့၏။
သစ္စာလေးပါးဟူသည်
ဒုက္ခသစ္စာ - ဆင်းရဲခြင်းအမှန်တရား
သမုဒယသစ္စာ- ဆင်းရဲကြောင်းအမှန်တရား
နိရောဓသစ္စာ - ဆင်းရဲငြိမ်းရာ အမှန်တရား
မဂ္ဂသစ္စာ - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်တရား
ထိုသစ္စာလေးပါးကို သစ္စဥာဏ် ၊ ကိစ္စဥာဏ် ၊ ကတဥာဏ် သုံးပါးနှင့်လည်ပတ်သွားအောင် လှည့်လည်ပြခြင်းသည် ပင် ဓမ္မစက္က-စမ္မစကြာတရားတော်မြတ် ဖြစ်သည်။
Labels:
နေ့ထူး နေ့မြတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment