Showing posts with label နေ့ထူး နေ့မြတ်. Show all posts
Showing posts with label နေ့ထူး နေ့မြတ်. Show all posts
Friday, October 18, 2013
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့(သီတင်းကျွတ်လ)
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
Free Image Hosting
မြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စား ထားခဲ့ပြီး အဘိ ဓမ္မာ တရားတော် အကျယ်ကို ၀ါတွင်း သုံးလ ပတ် လုံး ဟောကြားတော် မူပြီး တရားစစ်သူကြီး ရှင် သာရိပုတ္တရာ ကိုယ်တော်မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို တချိန် တည်းမှာ ဟောကြား သင်ပြ တော် မူပြီး သီတင်းကျွတ် လပြည့်နေ့မှာ လူ့ပြည်ကို ပြန်ဆင်း ခဲ့တဲ့ အထိမ်း အမှတ် အနေနဲ့ နက်ဖြန် မနက်မှာ ကျရောက် မယ့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ် ခေါ်ဝေါ် ခဲ့ကြပါသည်။
အဘိဓမ္မာ တရားတော် အကျယ်ဟာ အလွန် ရှည်လျား များပြားတဲ့ အတွက် ၀ါတွင်း သုံးလ ပတ်လုံး မရပ်မနား ဟော ကြားမှ ပြီးပြည့်စုံ အောင် ဟောကြား နိုင်မှာ ဖြစ်လို့ လူ့ပြည်မှာ တထိုင် တည်း တနေရာတည်း ဆက်တိုက် နာကြား နိုင်တဲ့သူ မရှိလို့ နတ်ပြည်မှာ နိမ္မိတ ရုပ်ပွားတော် ကိုယ်စားထား ဟော ကြား ရတာ ဖြစ်ပြီး လူသား ဖြစ်တဲ့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကတော့ လူ့ပြည်ဆင်းပြီး က္ကရိယာပုဒ် လေးပါး ညီညွတ် မျှတအောင် စပ္ပါယ်ရင်း တရား စစ်သူကြီး ဖြစ်ရုံမက အဘိဓမ္မာ တရားတော်မှာ အထုံ ပါရမီ ပါသူ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးကို အဘိဓမ္မာ တရားတော် အကျဉ်းချုပ်ကို ဟောပြတော် မူပါတယ်။ ရှင်သာရိပုတ္တရာ ကိုယ်တော် မြတ်ကြီးက တဆင့် တခြား သာဝက ငါးရာကို မကျဉ်း မကျယ် ပြန်လည် ဟောပြ သင်ကြား ပေးခဲ့ ပါတယ်။ ဒီအထိမ်းအမှတ် အနေနဲ့ သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော် နေ့ လို့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပ လေ့ ရှိတဲ့ ပွဲများ ကတော့
ပ၀ါရဏာပွဲ
။     ။ပ၀ါရဏာရဲ့ အဓိပ္ပာယ်မှာဖိတ်ကြားခြင်း၊ တိုက်တွန်းခြင်း၊ တောင်းပန်ခြင်း တို့ ဖြစ်လေသည်။ သာသနာ့ဝန်ဆောင် ရဟန်းတော် များဟာ ၀ါကျွတ်တာနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ “အရှင် ဘုရားတို့။ တပည့်တော်သည် သံဃာကို ဖိတ်ကြား ပါဧ။်။ တပည့်တော် ဧ။် အပြစ်ကို မြင်သော်လည်းကောင်း၊ ကြားသော် လည်းကောင်း၊ သံသယ ရှိလျှင် သော်လည်း ကောင်း တပည့်တော်အား သနားသော အားဖြင့် ပြောဆို သတိ ပေးကြပါ။ အပြစ်ကို ကုစား ပါ မည်" ဟု ဖိတ်ကြား တိုက်တွန်း ပြီး ရဟန်းများက မိမိရဲ့ အပြစ်များကို အခြား တစ်ပါး ထံမှာ မိမိ ရဲ့ သဘောဆန္ဒ အလျောက် ဖွင့်ဟ ပြောဆိုပြီး ၀န်ချ တောင်းပန် ကြသလို သာသနာတော် သန့်ရှင်း တိုးတက် ရေးအတွက် အပြုသဘော ဆောင်ပြီး ဝေဖန် သုံးသပ် ကြသည့် ပွဲလဲ ဖြစ် ပေသည်။ အလွန်ပင် ဒီမိုကရေစီ နည်းလမ်း ကျန စည်းစနစ် ကောင်းလှသော ပွဲပါပေ။
မီးမြင့်မိုရ်ပွဲ။     ။သီတင်းကျွတ် လပြည့်နေ့ ညနေမှာ နတ်ပြည် ကနေ လူ့ပြည်ကို ဆင်းအ လာ လပြည့်ဝန်း နဲ့အတူ ကောင်းကင်မှာ တင့်တယ်စွာ ဖူးမြင်ရတဲ့ မြတ်စွာဘုရားကို နတ်လူ အများက ပူဇော်တဲ့ အနေနဲ့ ဆီမီးများနဲ့ ပူဇော် ကြတဲ့ အထိမ်းအမှတ် အနေနဲ့ အိမ်၊ ကျောင်း၊ တန်ဆောင်း များမှာ ဆီမီး၊ မီးပုံးများ ထွန်းညှိ ပူဇော်ကြသလို ဘုရားစေတီ များမှာလဲ ပွဲများ ပြုလုပ်ပြီး မီးမြင့်မိုရ်ပွဲများ ပြုလုပ် ကြပါသည်။ ပုဂံမြို့ မြင်းကပါ ဂူပြောက်ကြီး ဘုရားက ပန်းချီ ကား တွင် ဗုဒ္ဓ မြတ်စွာ ဘုရား တာဝတိံသာမှ သင်္ကသနဂိုရ်ပြည်သို့ သက်ဆင်းပုံ ပန်းချီကို တွေ့ရသည့် အတွက် မီးမြင့်မိုရ်ပွဲကို ပုဂံခေတ် တည်းက ကျင်းပခဲ့သည်ဟု ယူဆ နိုင်ပေသည်။
ဘုရားပွဲတော်၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ သက်ကြီး ပူဇော်ပွဲနှင့် ဆရာကန်တော့ပွဲများ စသည်တို့ ကိုလည်း မြန်မာနိုင်ငံ တ၀ှမ်း ကျင်းပလေ့ ရှိကြ သည်မှာ ယနေ့တိုင် ဖြစ်လေသည်။
သီတင်းကျွတ် လကို တူရာသီဟု ခေါ်ပြီး ချိန်ခွင်ရုပ်သဏ္ဍာန် နက္ခတ် ထွန်းပ လေသည်။ ထိုမျှ မက ၁၂လ ရာသီတွင် နေ့တာနဲ့ ညတာ တူညီသော တခုတည်းသော လလဲ ဖြစ်လေသည်။ ထို့ကြောင့် ကင်းဝန် မင်းကြီးက “ သီတင်းကျွတ်ပြီ တူရာသီ အာသ၀ဏီ ရှိန်ဝါရွှန်း၊ ကြာမျိုးလည်းစို မီးမြင်းမိုရ် ဗဟိုအချာထွန်း” ဟု ဖွဲ့ဆို ခဲ့လေသည်။
ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။ 
(ရေခဲပြင်ထဲမှာပွင့်တဲ့ပန်းခွန်မြလှိုင်ဘလော့ဂ်မှဗုဒ္ဓဘာသာဝင်များ
အတွက်သိသင့်သောအကြောင်းရာလေးမို့ကူးယူဖော်ပြထားပါသည်။)
သီတင်းကျွတ်လ
Image Hosting Site
  သီတင်းကျွတ်လ သည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမ မြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီကြယ် နှင့် လမင်း တို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။ ယင်းတို့ကိုပင် မနုဿဗေဒ (Athropology) သဘောအရလူ့ယဉ်ကျေးမှုသမိုင်း ကြောင်းတစ်ခု အဖြစ် မြင်နိုင်ကြပါသည်။ သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုး ကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသောမိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမား တို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလဟုလည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ဗုဒ္ဓသာသနာတော်ကို လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သိက္ခာကာမ၊ ဂန္ထကာရက၊ ပရိယတ္တိဝိသာရဒ၊ လဇ္ဇီပေသလ စသည့်တစ်ဖြာ ဂုဏ်ဝေဖြာသည့် သာသနာပြု ရဟန်းတော်များနှင့် တိုင်းချစ် ပြည်ချစ် မင်းတရားစစ်တို့ကြောင့် သက်ဝင်ယုံကြည်ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သော အခါ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များနှင့်လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ် ကောင်းသော လူနေမှုဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော၊ ရောင့်ရဲ တင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်ကြသည်။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ၊ ကောင်းမှုကုသိုလ်များ ပြုလုပ်လေ့ရှိကြသည်။ သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသောပွဲတော် တစ်ခုဖြစ်ပြီး ပွဲတော်စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ် အခါကပင် ဖြစ်ပါသည်ဟု ပြောဆိုနိုင်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ယခုကျင်းပသည့် သီတင်းကျွတ်လ မီးထွန်းပွဲတော်အစဉ်အလာများသည် ယင်းမှတစ်ဆင့် ကူးစပ်ဆင့်ပွားလာခြင်း ကြောင့် ဖြစ်ပါသည်။ ယင်းခေတ်အခါနှင့် ယခုခေတ်အခါတို့မတူသော်ငြားလည်း ရည်ရွယ်ချက်များ တူညီနိုင် ကြမည်ပင်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအား အမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည်။ သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းများဖြင့် စီချယ်အပ်သော ရတနာစောင်းတန်းဖြင့် လူ့ ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။
ဟု ဗုဒ္ဓဘာသာစာပေ အဋ္ဌကထာများက ဆိုကြပါသည်။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ဆွမ်းပန်းရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော် ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြ သည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံ လုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည်ဟု မှတ်သားရပါသည်။
ဗုဒ္ဓ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့ သည်အသက်ဂုဏ်ဝါကြီးသူ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ၊ နိမ့်ကျ သူတို့ က ရိုသေလေးစား၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြသည့် ဓလေ့များကိုလည်း တွေ့မြင်ကြရပါသည်။
ထို့အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော၊ မာန်မာနကို နှိမ့်ချတတ်သောသဘော၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့၏ ယဉ်ကျေးသိမ်မွေ့သော စိတ်နေစရိုက်ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ အစ်ကို၊ အစ်မများ ညီငယ်ညီမငယ်များအားလုံးတို့သည်လည်း လောကသာရ ရခိုင်သူမြတ် ရေးသည့် ဆုံးမစာအတိုင်း `ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေဟု ဤစာ၏ နိဒါန်းအချီ အနေဖြင့် ဆုတောင်း ဆန္ဒပြုလိုက်ပါသည်။
မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ တွင် မိခင်မာယာဒေ၀ီ မှ ဖွားမြင်တော်မူခဲ့ပါသည်။ ဖွားမြင်တော်မူပြီးသည့်နောက် (၁၆)နှစ် အရွယ်မှာ ယသော်ဓရာ နှင့် ထိမ်းမြား လက်ထပ်တော်မူခဲ့ပါသည်။ အသက် (၂၉)နှစ်မှာ သားတော် ရာဟုလာ ကို ဖွားမြင်သော ညမှာပင် ကာမဂုဏ်၏ အပြစ်တို့ကိုတွေ့ပြီး ငြီးငွေ့တော်မူသဖြင့် နန်းစည်စိမ် နှင့်တကွ အားလုံးကို စွန့်လွှတ်ပြီး ဥရုဝေလတော ကို ၀င်ခဲ့ပါသည်။ ဥရုဝေလမှာ ပင်ပန်းဆင်းရဲသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ပါသည်။ ဘုရားအလောင်းတော်သည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် သဗ္ဗညုတဉာဏ်တော် အတွက် မည်သို့မျှ အထောက်အကူ မပြုသော ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္ဈိမပဋိပဒါ ဆိုတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်ကို ကိုယ်တော် တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမ ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါသည်။ ဘုရားဖြစ်ပြီးနောက်-
(၁)ပလ္လင်္ကသတ္တာဟ။        ။ဘုရားဖြစ်သော ဗောဓိပင်ရင်းနေရာ (ပလ္လင်)ထက်တွင် ကဆုန်လပြည့်ကျော် (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ၀ိမုတ္တိသုခ (သံသရာမှ လွတ်မြောက်ခြင်းချမ်းသာ) ကို ခံစားလျှက် သီတင်းသုံးတော်မူခဲ့ပါသည်။
(၂)အနိမိသ သတ္တာဟ။          ။ဗောဓိပင်၏အနီး အရှေ့မြောက်အရပ် တည့်တည့် (၁၄)လံအကွာ နေရာမှာ ကဆုန်လပြည့် ကျော် (၈)ရက်နေ့မှ (၁၄) ရက်နေ့အထိ (၇)ရက် ထပ်မံ သီတင်းသုံးတော်မူခဲ့ပါသည်။ ငါသည် ပါရမီများ ဖြည့်ခဲ့သောကြောင့် ဤပလ္လင်ထက်မှာ မာရ်(၅)ပါးကိုအောင်မြင်ပြီး ဘုရားဖြစ်ခဲ့ပြီ ဟုဆင်ခြင်ကာ ဖြောင့်ဖြောင့်မတ်မတ် ရပ်နေတော်မူကာ အပရာဇိတပလ္လင်ကို မမှိတ်သော မျက်စိဖြင့် (၇)ရက်လုံး ကြည့်ရှု ၀မ်းမြောက်နေတော်မူခဲ့ပါသည်။ (အ= မ။ နိမိသ= မျက်စိမှိတ်သည်။ အနိမိသ= မျက်စိမမှိတ်ပဲ)
(၃)စင်္ကမ သတ္တာဟ
။           ။ကဆုန်လကွယ်နေ့မှ နယုန်လဆန်း (၆)ရက်နေ့အထိ(၇)ရက်တွင်
 ဗောဓိပင်ပလ္လင်နဲ့ အနိမိသ သတ္တာဟ အကြား စင်္ကြံလျှောက်တော်မူကာ (၇)ရက် 
ထပ်မံသီတင်းသုံးတော်မူခဲ့ပါသည်။ ယင်းနေရာမှာ နတ်တို့က “ရှင်ဂေါတမသည် ဗောဓိပလ္လင်၌ တပ်မက်နေသေးသည်၊ ဘုရားစင်စစ်မဖြစ်သေး”ဟု ယုံမှားသံသယဖြစ်ကြသည်။ ထိုယုံမှားပျောက်စေရန် ရေအစုံ၊ မီးအစုံ ယမကပြာဋိဟာ ပြတော်မူခဲ့ပါသည်။ စင်္ကြံ ကြွရင်း တရားဆင်ခြင်၊ ဖလသမပတ် ၀င်စားသောကြောင့် စင်္ကမ သတ္တာဟ ဟုခေါ်ပါသည်။
(၄)ရတနာဃရ သတ္တာဟ။          ။ဗောဓိပင်၏ အနောက်မြောက် (၁၀)လံ အကွာတွင် နတ်များဖန်ဆင်းပူဇော်သော ရတနာ ရွှေအိမ်ထက်၌ နယုန်လဆန်း (၇) ရက်နေ့မှ (၁၃)ရက်အထိ အဘိဓမ္မာတရားတော်ကို ဆင်ခြင်တော်မူပါသည်။ အဘိဓမ္မာ ရှေးဦး (၆)ကျမ်းကို ဆင်ခြင်ရာတွင် ရောင်ခြည်တော် ကွန့်မြူးခြင်း မရှိသေးပါ။ နောက်ဆုံး ပဋ္ဌာန်းဒေသနာ တော်ကြီးကို ဆင်ခြင်သုံးသပ်တော်မူသော အခါမှသာ ရောင်ခြည်တော် (၆)သွယ် ကွန့်မြူး ထွက်ပေါ်လာခဲ့ပါသည်။
(၅)အဇပါလသတ္တာဟ။         ။ဒီနေရာကို ဆိတ်ကျောင်းသမားတွေ နေတဲ့ ညောင်ပင်လို့ ဆိုပါတယ်။ ဗောဓိပင်ရဲ. အရှေ.ဘက် (၃၂)လံ အကွာမှာ နယုန်လဆန်း (၁၄)ရက်နေ့မှ နယုန်လပြည့်ကျော် (၅)ရက်အထိ (၇)ရက် သီတင်းသုံးတော် မူပါတယ်။ ဒီနေရာမှာပဲ မာရ်နတ်ရဲ. သမီး (၃) ယောက် ဖြစ်တဲ့ (တဏှာ၊ အရတီ၊ ရာဂါ) တို့က ဘုရားရှင်ကို မိန်းမမာယာဖြင့် ဖြားယောင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့ပေးမယ့် ဘုရားရှင်က တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး။
(၆)မုစလိန္ဒ သတ္တာဟ။        ။ဗောဓိပင်၏ အရှေ.တောင်ဘက် (၁၅)လံ အကွာ၊ မုစလိန္ဒာအိုင် အနီး ကျဉ်းပင်အောက်မှာ နယုန်လပြည့်ကျော် (၆)ရက်နေ့မှ နယုန်လပြည့်ကျော် (၁၂)ရက်နေ့ထိ (၇)ရက် သီတင်းသုံးတော် မူခဲ့ပါသည်။ ထိုနေရာကို သီတင်းသုံးစဉ်မှာ အခါမဲ့ မိုးရွာခဲ့သောကြောင့် မုစလိန္ဒာအိုင် နဂါးမင်းသည် တန်ခိုးနဲ့ လိုတာကို ဖန်ဆင်းနိုင်သော်လည်း သူ၏ပကတိ ကိုယ်တော်နှင့်သာ ပါးပြင်းမိုးပြီး ရာသီဥတုဒဏ်ကနေ ကာကွယ်ပူဇော်ခဲ့ပါသည်။
(၇)ရာဇာယတန သတ္တာဟ။               ။ဗောဓိပင်၏ တောင်ဘက် (၄၀)လံ အကွာ လင်းလွန်းပင်ရင်းမှာ နယုန်လပြည့်ကျော် (၁၃)ရက်မှ ၀ါဆိုလဆန်း (၄)ရက်နေ့ အထိ (၇)ရက် ပတ်လုံး ဖလသမာပတ် ၀င်စားပါတယ်။(၇) ရက်ပြည့်တဲ့နေ့ ဘုရားရှင် အစာအာဟာရမှီဝဲရန် လိုအပ်နေချိန်မှာ ရာမညတိုင်း၊ ဥက္ကလာဇနပုဒ်၊ ပေါက္ကရ၀တ္တီဇနပုဒ်မှ ကုန်သည်ညီနောင် တဖုဿ၊ ဘလ္လိက တို့က ဘုရားရှင်ကို မုန့်ကျစ်ဆုပ် ဆပ်ကပ်ခဲ့ပါသည်။ ယင်းကုန်သည်ညီနောင်ကို သံဃာမရှိသေးသည့်ကာလဖြစ်သည့် အတွက် ဒွေဝါစိက သရဏဂုံ (၂)ပါးကိုသာချီးမြှောက်ခဲ့ပါသည်။ ဆံတော် (၈)ဆူ စွန့်တော်မူပါတယ်။ ယင်းဆံတော်တို့ကို သူတို့၏အရပ်ပြန်ရောက်သောအခါ စေတီထဲမှာ ဌာပနာပြုခဲ့ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓစာပေများအရ မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန် မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါ တို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါ ကို ဝေသာလီပြည်၊ ဆဋ္ဌမ၀ါ ကို မကုဠတောင် စသော နေရာဌာနများမှာ ၀ါကပ်တော်မူခဲ့ပါသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သား ကို အမှူးထားကာ တာဝတိံတာ နတ်ပြည်ရှိ ပင်လယ်ကသစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာတော် ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။ မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ ဟုလည်း ရှေးလူကြီးသူမများ ပြောဆိုရေးသားခဲ့ကြပါသည်။
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - မှာ
၁။ ဓမ္မသင်္ဂဏီကျမ်း
ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်း ကို (၁၂) ရက်
၃။ ဓာတုကထာကျမ်း ကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း ကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်း ကို (၈) ရက်
၆။ ယမိုက်ကျမ်း ကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်း ကို (၂၅) ရက်ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မာတရား ဒေသနာတော်ကို နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဗုဒ္ဓမြတ်စွာသည် မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကို သတ္တ၀ါတို့နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တထိုင်တည်းဟောမှ နာကြားရသော တရားနာသူတို့ အကျိုးထူး ရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမ၀န္တာစန္ဒကူးတော၌ နေ့သန့်စင် (အနားယူ) တော်မူပါတယ်။ ထို စန္ဒကူးတောတွင် အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားအား ၀တ်ကြီးဝတ်ငယ် ပြုစုခစားခိုက် မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသောအဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရား ထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံရာ မြတ်စွာဘုရားက နားထောင်၍ လက်ခံအတည်ပြု တော်မူခဲ့ ပါသည်။
ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူခဲ့သဖြင့် ထူးမြတ်သောနေ့ အဖြစ်သတ်မှတ်ကြပါသည်။ ဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲကျင်းပသော အစဉ်အလာသည် ရှေးဘိုးဘေးဘီဘင်များ လက်ထက်ကပင် ရှိခဲ့ပါသည်။ ထို့အပြင်ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားကို တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် ဤနေ့ကို “အဘိဓမ္မာအခါတော်နေ့” ဟု သမုတ်ကာ အဘိဓမ္မာ ရွတ်ဖတ်ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။
တစ်နည်းဆိုလျှင် သီတင်းကျွတ်လပြည့်နေ့ကို “ဘုရားဆုပန်နေ့”
ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။ ဘုရားရှင် တာဝတိံသာမှ ဆင်းသက်တော်မူသောအခါ လကျာင်္ဘက်ရွှေစောင်းတန်းက နတ်ဒေ၀တာများ၊ လက်ဝဲဘက် ငွေစောင်းတန်းက ဗြဟ္မာများခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်က ပတ္တမြားစောင်း တန်းဖြင့် ဆင်းသက်တော်မူပါသည်။ ထိုသို့ နတ်ဗြဟ္မာများခြံရံလိုက်ပါ၍ ဆင်းသက်တော်မူလာသည့် ဘုရားရှင်၏ တုနှိုင်းဖွယ်မရှိ တင့်တယ်ပြည့်စုံသော အသရေ တော်ကို ဖူးမြင်ကြရသောအခါ (၃၆)ယူဇနာ အတွင်းရှိသော ပရိသတ်အားလုံး ဘုရားကိုအားကျ၊ ဘုရားဖြစ်ချင် စိတ်တွေ ပေါ်လာကာ ဘုရားဆုကို တောင်းကြပါသည်။ ထို့အတွက်ကြောင့် “ဘုရားဆုပန်နေ့” ဟုခေါ်ဆိုထိုက်ပါသည်။
သီတင်းကျွတ်လပြည့်နေ့တွင် ၀ါတွင်းသုံးလကုန်ဆုံး ကျွတ်လွတ်သောနေ့ဖြစ်သဖြင့် ၀ါဆိုတော်မူကြကုန်သော သံဃာတော် အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်သွားလာ သီတင်းသုံးနိုင်သည့် အခွင့်အရေးကို ရရှိကြပါသည်။ ထိုနေ့အထိဝါဆိုကြသည့် သံဃာများသည် အလွန်အကျိုးထူးသော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေး လည်းရရှိကြပါသည်။
အချုပ်အားဖြင့်ဆိုရသော်
သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များ ၀ါကျွတ်သောနေ့၊ အပြစ်ရှိက ပြောကြားပါရန် အချင်းချင်း ဖိတ်ပန်အမှုပြုကြသော ပ၀ါရဏာနေ့၊ ဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဟောကြားပြီးမြောက် အောင်မြင်တော်မူသော အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုလ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ထိုသို့ဘုရားရှင် ဆင်းသက် တော်မူသည်ကို ရည်စူးပူဇော်သောအားဖြင့် ဆီးမီးစသည့် ထွန်းညှိပူဇော်သောနေ့၊ ဗြဟ္မာနတ် လူ သုံးဘုံသူတို့ ဘုရားရှင်အား အတူတကွ ကြည်ဖြူပူဇော်သောနေ့၊ နတ်လူအများ ဘုရားဆု ပန်သောနေ့ စသော ဂုဏ်ထူးဝိသေသအဖုံဖုံနှင့် ပြည့်စုံသော နေ့ထူးနေ့ မြတ် ပင် ဖြစ်ပါသည်။
ဤကဲ့သို့နေ့ထူး၊ နေ့မြတ်မှာ ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး သတိပဋ္ဌာန်တရားတော်များကို နာယူကျင့်ကြံ အားထုတ်နိုင်ကြသဖြင့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ အမြိုက်နိဗ္ဗာန်ကို ရနိုင်ကြပါစေဟု ဆုတောင်းပြီး ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။
အသျှင်ဉာဏုတ္တရ (သီရိလင်္ကာ)
ဓမ္မ ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Saturday, August 24, 2013
နိုင်ငံတော်ဘာသာနေ့ဖြစ်ပေါ်လာပုံ
နိုင်ငံတော်ဘာသာနေ့ဖြစ်ပေါ်လာပုံ
Image Search
၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရခေတ်ကပင် ရဟန်းရှင်လူအပေါင်းတို့က ဗုဒ္ဓဘာသာကို
    နိုင်ငံတော်ဘာသာပြဌါန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး
     ဒီဒဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌါန်းသင့်
     ကြောင်း အဆိုတင်သွင်းခဲ့သည်။
၃။  ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်၌ ပါလီအမတ် ဒေါ်ခင်လှ (စမ်းချောင်း) က
      ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေငြာပေးရန် အဆိုတင်
      သွင်းခဲ့သည်။
      ပါလီအမတ်ဗိုလ်ခင်မောင်က ထောက်ခံသည်။သာသနာရေးဝန်ကြီးဦးဝင်းကကန့်ကွက်၍                      
      အတည်မပြုနိုင်ခဲ့ပေ။
၎။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦးဝမ်းမောင်နှင့် သခင်ဘသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ၊
     ၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီးအပါအ၀င် နိုင်ငံရေးသမားကြီး ၉ ဦးပါဝင်သော
     The Buddhist Democratic Party  နှင့် ၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော်
     အသျှင်ထိပ်စြုမတ်ဘုရား နာယကအဖြစ်ဆောင်ရွင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့က
     နိုင်ငံတော်ဘာသာ ပြဌါန်းနိုင်ရေးအတွက် နှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဌါန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များ
    ကို ဖွဲ့စည်းသည်။
၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာအက်ဥပဒေကြမ်းကို ၀န်ကြီးချုပ် ဦးနုက
     လွှတ်တော်၌ တင်သွင်းသည်။
၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် လွှတ်တော်နှစ်ရပ်၌ မဲခွဲဆုံးဖြတ်မတည်ပြုကာ သမ္မတအိမ်တော်
     တွင် မွန်းလွဲ ၁ နာရီ၌  သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့် လက်မှတ်ရေးထိုးပြဌါန်းခဲ့သည်။
နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌါန်းခြင်း
၂၆-၈-၁၉၆၁ တွင် ကျင်းပသော ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေး
တွင် ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် အတည်ပြုပြဌါန်းနိုင်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်ဘာသာ သာသနာ ချီးမြှင့်ထောက်ပံ့ရေးဥပဒေကို ၁၅-၉-၁၉၆၁ ခုနှစ်တွင်
အတည်ပြု ပြဌါန်းခဲ့သည်။
နိုင်ငံတော်ဘာသာ ပြဌါန်းခဲ့သည့်နေ့ရက်
၁၃၂၃ ခုနှစ်၊ ၀ါခေါင်လပြည့်၊ (၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်၊ စနေနေ့)
နိုင်ငံတော်ဘာသာ ပြဌါန်းသည့်ဥပဒေ  
၁၉၆၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ
ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား
ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဘာသာကြီးဖြစ်
သည့် အားလျော်စွာ နိုင်ငံတော်ဘာသာ သာသနာ ဖြစ်စေရမည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်စာသား
ပုဒ်မ ၃၆၁ - နိုင်ငံတော်သည်  ဗုဒ္ဓဘာသာ သာသနာတော်ကို  နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က
အသိအမှတ်ပြုသည်။
            သာသနာ့ရေး တေးလင်္ကာ
 Free Image Hosting
မင်းကြီးအနော်ရထာ ရှေ့ဦးဆောင်လို့ သာသနာတော်ကြီး ထိန်လင်းလာ၊
အင်းဝ၊ ပုဂံ၊  ကုန်းဘောင်ထိတောင် သာသနာတော်ကြီး လင်းဝေဖြာ၊
နယ်ချဲ့တိုင်းခြား အုပ်စိုးသွားလို့ သာသနာဖျက်များ ပေါ်ထွက်လာ၊
ငဇင်ကာပမာ ဘာသာခြားများ သာသနာတော်အား ဖယ်ရှားကာ၊
သို့ပါမယိုင်မလဲ ဗမာပြည်လဲ သာသနာတော်ကြီး ခိုင်မြဲတာ၊
ကိုယ်တော်မှိုင်းသခင် နှိုးကြားပေးကာ ဇာတိသွေးများ နိုးကြားလာ၊
အောင်ဆန်းခေါင်းဆောင် ဆွေးနွေးခဲ့တာ နိုင်ငံ့ဘာသာ ဗုဒ္ဓသာ၊
လွတ်လပ်ရေးကြီး ရရှိခဲ့လဲ သာသနာအဖျက်များ ပေါများလာ၊
သာသနာတော်ကြီး စဉ်ခိုင်မြဲဖို့ ၉၆၉လဲ ပေါ်ထွန်းလာ၊
မျိုးဆက်လူငယ် ရှေ့ကဆောင်လို့ ၉၆၉ကို အားမြှောက်တာ၊
တိုင်းနိုင်ငံကြီး  စဉ်သာယာဖို့  ၉၆၉သာ  အားထားရာ၊
ဗုဒ္ဓံ၊ ဓမ္မံ  သံဃံစီးလို့  ၉၆၉တောင်  မြင့်မိုရ်ပမာ၊
သို့ပါ၍  ၉၆၉ကို  အားပေးစေချင်တာ။
                                                                    အောင်မြင်
Tuesday, August 20, 2013
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
Image Hosting
ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားများကိုအသီးသီးယူဆောင်ပြီး တောအုပ်တခုမှာ ၀ါဆို၊ ၀ါကပ်ခြင်းပြုတော်မူကြပါသည်။ ရဟန်းတော်များ၏ မြင့်မြတ်လှသောသီလတန်ခိုးကြောင့် နေရာဖယ်ပေးရသော နတ်အချို့မှာ ရဟန်းတော်များတောအုပ်တွင်းမနေနိုင်အောင်ကြောက်စရာကောင်းသော အာရုံများ(ဥပမာ - အစွယ်တကားကားနှင့်ဘီလူးကြီးပုံများ၊တစ္ဆေ၊ သရဲပုံများ၊ အော့အန်ချင်စရာကောင်း
လောက်သောအပုပ်နံ့များ) အာရုံအမျိုးမျိုးဖြင့် ခြောက်လန့်ကြပါသည်။ ရဟန်းတော်များသည်
အမျိုးမျိုးသောအာရုံများမြင်ကြပြီး ကမ္မဌာန်းတရားကို ဖြောင့်အောင်နှလုံးမသွင်းနိုင်ကြဘဲ
 စိတ်ဓါတ်များခြောက်ခြားပြီး ၀ါတွင်းကာလမှာပင် မြတ်စွာဘုရားရှိရာ သာဝတ္ထိပြည်၊
 ဇေတ၀န်ကျောင်းတော်ကိုပြန်သွားကြပါသည်။ ထိုအခါ မြတ်စွာဘုရားက " ချစ်သား
ရဟန်းတို့၊ မေတ္တာတရားပွါးများပြီး ကမ္မဌာန်းတရားကို အားထုတ်ကြပါ။ မေတ္တာလက်နက်ကို ယူဆောင်ပြီးတောအုပ်သို့ပြန်သွားကြပါ " ဟု တိုက်တွန်းတော်မူခဲ့ပါသည်။
 မေတ္တာသုတ်ဒေသနာတော်ကိုလည်း ဟောကြားပေးတော်မူလိုက်ပါသည်။
 မေတ္တာသုတ်ဒေသနာတော်အား ဟောကြားတော်မူသောနေ့မှာ ၀ါခေါင်လပြည့်နေ့ ဖြစ်ပါသည်။ 
ရဟန်းတော်များသည် မြတ်စွာဘုရား၏ စကားတော်အတိုင်း နတ်၊ ဗြဟ္မာများအား မေတ္တာပို့ပြီး တရားအားထုတ်သောအခါရဟန်းတော်များ၏ မေတ္တာများကြောင့် နတ်၊ ဗြဟ္မာများသည် ချစ်ခင်လာကြပြီး အရင်လိုမခြောက်လှန့်တော့ဘဲ ငြိမ်းချမ်းစွာနေကြပါတော့သည်။ ရဟန်းတော်ငါးရာတို့လည်း ၀ါခေါင်လအတွင်း တောအုပ်ထဲမှာပင်ဒုတိယ၀ါကပ်တော်မူကြပြီး မေတ္တာတရားများကိုပွါးများရင်း ၀ိပဿနာတရားတော်များကိုဆက်လက်အားထုတ်တော်မူကြပါသည်။ ရဟန်းတော်ငါးရာတို့သည်လည်း
 ဖြစ်တော်မူကြပါသည်။ဂေါတမမြတ်စွာဘုရားသည် ရဟန်းတော်ငါးရာတရားအားထုတ်သောအခါ စိတ်ချမ်းချမ်းသာသာသဖြင့်တရားအား ထုတ်နိုင်ကြစေရန် မေတ္တာသုတ်ဒေသနာတော်မြတ်အား ၀ါတွင်းကာလ ၀ါခေါင်လပြည့်နေ့တွင် ဟောကြားတော်မူခဲ့ခြင်းကိုအကြောင်းပြုပြီး ၀ါခေါင်လပြည့်နေ့အား
 မေတ္တာအခါတော်နေ့အဖြစ် အထိမ်းအမှတ်ပြုလုပ်ရခြင်းဖြစ်ပါသည်။ 
မေတ္တသုတ်တော်လာ မေတ္တာပွါးနည်း (၁၁) နည်း
(၁) လုံးစုံများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၂) ကြောက်တတ်, မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၃) မြင်အပ်, မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၄) ဝေးနေ, နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၅) ဘ၀ဇာတ်ဆုံး, မဆုံးများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၆) ရှည်, တို, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၇) ကြီး, ငယ်, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၈) ဆူ, ကြုံ, အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်၊ စိတ်မြဲပါစေ။
      ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(၉) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
(၁၀) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
(၁၁)ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မေတ္တာပို့သမှု အကျိုး (၁၁) ပါး
(၁) ချမ်းသာစွာ အိပ်ရခြင်း၊
(၂) ချမ်းသာစွာ နိုးရခြင်း၊
(၃) မကောင်းအိပ်မက် မမြင်မက်ရခြင်း၊
(၄) လူတို့ ချစ်ခင်နှစ်သက်ခြင်း၊
(၅) နတ်တို့ ချစ်ခင်မြတ်နိုးခြင်း၊
(၆) နတ်တို့ စောင့်ရှောက်ခြင်း၊
(၇) မီး, အဆိပ်, လက်နက် မသင့်နိုင်ခြင်း၊
(၈) စိတ်လျင်မြန်စွာ တည်ကြည်ခြင်း၊
(၉) မျက်နှာရုပ်အဆင်း ကြည်လင်ရွှင်ပြခြင်း၊   
( ၁၀) မတွေဝေဘဲ သေရခြင်း၊
(၁၁) သေသောအခါ ဗြဟ္မာပြည်သို့ လားရခြင်း။
ဆောင်ပုဒ်။        ။ အိပ်, နိုး, ချမ်းသာ၊ ကောင်းစွာအိပ်မက်၊ ချစ်လျက် လူနတ်၊
                         စောင့်လက်နက်များ၊ မီး, ဆိပ်, ဓါးတို့၊ ရှောင်ရှားကိုယ်မှာ၊
                         လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊ သေခါမတွေ၊ လားလေဗြဟ္မာ၊                                      
                        ဆယ့်တစ်ဖြာသည်၊ မေတ္တာပွါးမှု  အကျိုးတည်း။
                        တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ ကျွေးမွေးခြင်းထက်၊                                                                                    
                        မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါမျှ၊                        
                     မေတ္တာပွါးများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ  မိန့်ခွန်းတည်း။      
Sunday, July 21, 2013
ဝါဆိုလပြည့် ဓမ္မစကြာနေ့
                    Free Image Hosting
      ဗုဒ္ဓမြတ်စွာဘုရားသည် ဓမ္မစကြာတရားဦးကို မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ နေလည်းဝင်စ၊ လလည်းထွက်ပြူချိန်ဖြစ်သော ၀ါဆိုလပြည့်၊ စနေနေ့၊ ညနေချမ်းအချိန်အခါတွင်ဟောကြားတော်မူခဲ့ပါသည်။နေလနက္ခတ်တာရာနှင့်
ပျားပန်းခတ်မျှတရားလာနာသွားကြသော နတ်ဗြဟ္မာတို့၏ အရောင်အ၀ါများ၊ တစ်လောလုံး အခါမဲ့ပွင့်သော ပန်းများကြောင့် ထူးခြားသောနေ့ကြီးတစ်နေ့လည်းဖြစ်ပါတော့သည်။ မြတ်စွာဘုရားသည် သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စ၀ဂ္ဂီ ၅-ဦးတို့အား ရှောင်ကြည်ရန် ၀ဲယာအစွန်းလွန် လမ်းစဉ်နှစ်မျိုး၊ လိုက်နာကျင့်ကြံရန်မဇ္ဈိမပဋိပဒါအလယ်အလတ်လမ်းစဉ်ခေါ် 
မဂ္ဂင်ရှစ်ပါး၊ 
သစ္စာလေးပါး၊
တို့ဖြင့်တန်ဆာဆင်အပ်သော
" ဓမ္မစက္ကပ၀တ္တနသုတ္တန် " "ဓမ္မစကြာ" တရားတော်မြတ်ကို ဟောကြားတော်မူရာ အရှင်ကောဏ္ဍညထေရ်သည် နတ်၊
ဗြဟ္မာ ၁၈-ကုဋေတို့နှင့်အတူ သောတာပန် တည်တော်မူလေသည်။ တရားဒေသနာအပြီးတွင် မဟာပထ၀ီမြေကြီး
လည်း မြည်ဟည်း တုန်လှုပ်သွားသည်။ လပြည့်ကျော် ၁-ရက်နေ့မှစ၍ ၄-ရက်တိုင်တိုင် "ဓမ္မစကြာ" တရားတော်အ
တိုင်း ကျင့်ကြံအားထုတ်စေတော်မူရာ ၀ပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ လေးဦးတို့လည်း တစ်ရက်ပြီး တစ်ရက်၊ တစ်ပါးပြီး တစ်ပါး သောတာပန်တည်ကြလေ၏ ။ ၀ါဆိုလပြည့်ကျော် ၅ရက်နေ့တွင် " အနတ္တလက္ခဏသုတ္တန် " ကို
ဟောကြားတော်မူရာ ပဉ္စ၀ဂ္ဂီ-၅ပါးလုံး ရဟန္တာဖြစ်တော်မူကြလေသည်။
          ဓမ္မစကြာဟောတော်မူသောနေ့
      ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွေး၊ ဖြန့်ချိသွား၍၊
      ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
      ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊
      စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊
      ဟောဖော်ကြားသည်။      ။ တရားနတ်စည် ရွမ်းတယ်ကို။
                ဗုဒ္ဓမြတ်စွာဘုရား ၀ါဆိုစဉ်လင်္ကာ
တက်ထွန်းကျက်သရေ၊ သုံးလူ့ဆွေကား၊ အောင်မြေသီရိ၊ ဗောဓိသမီပ၊
ရပ်ဌါန၌၊ နှစ်လမှန်တယ်၊ ရက်ခြောက်ဆယ်ဖြင့်၊ သပ္ပါယ်မျှတ၊ နေပြီးမှလျှင်၊
ပထမ၀ါ၊ ဗာရာဏသီ၊ မြိုင်တောမှီ၏ ၊ နောက်ချီဒုတိယ၊ တတိယနှင့်၊ စတုတ္ထ၀ါ၊
ပြည်ရာဇဂြိုလ်၊ ၀ါးညိုကျောင်းလှ၊ ၀ါကပ်မျှ၏ ၊ ပဉ္စမ၀ါ၊ ပြည်ဝေသာလီ၊
လိစ္ဆ၀ီမင်းပေါင်း၊ ဆောက်တုံရှောင်းသည့်၊ ကျောင်းမဟာဝန်၊ တတန်ဆဌ၊
မကုဠတောင်မှာ၊ ခုနှစ်ဝါသော်၊ တာဝတိံရောက်၊ မြောက်တုံရှစ်ဝါ၊ ဘဂ္ဂါယန၊
ကိုးဝါကျသော်၊ ဌာနပူရိ၊ ကောသမ္ဗိ၌၊ ဃောသိတာရုံ၊ ရွှေဘုံမှီကပ်၊ ဆယ်ဝါရပ်ကား၊
မလှုပ်သိပ်သည်း၊ ပလလည်းသာမော၊ ဆင်မင်းတောဝယ်၊ ရှင်စောမှီကာ၊
ဆယ့်တစ်ဝါကား၊ နာဠာထင်ရှား၊ ပုဏ္ဏားနေထ၊ ရပ်ဂါမတည့်၊ ဒွါဒသယှဉ်၊
ဝေရဉ္ဇခေါ်၊ ဆယ့်သုံးသော်ကား၊ တောင်ကျော်သာလှ၊ စာလိယ၌၊ ကပ်ထပြီးခါ၊
ဆယ့်လေးဝါတွင်၊ သာဝတ္ထိတောင်စွန်၊ ဇေတ၀န်ထင်ရှား၊ ရွှင်ပျော်ပါး၏ ၊
ဆယ့်ငါးဝါမှ၊ ကပိလတွင်၊ စိမ်းမြရိပ်သာ၊ နိကြေဓာဟု၊ ကျောင်းသာစံမြောက်၊
ဆယ့်ခြောက်ဝါဆီ၊ အာဠ၀ီဟု၊ ပုရီဘက်မဲ့၊ ပျော်စံခဲ့၍၊ ဆယ့်ခုနှစ်ဝါ၊ ထိုသောခါလျှင်၊
ရာဇဂြိုလ်ဌါန၊ သာလှဗိမာန်၊ နတ်ဌါန်တူလျော၊ ၀ါးတောညိုလဲ့၊ အောင်ပွဲဖွဲ့၏ ၊
တစ်ဆယ့်ရှစ်ဝါ၊ ဆယ့်ကိုးဝါ၌၊ စာလိယရောက်၊ ၀ါဆိုမြောက်၏ ၊ ပယ်ဖျောက်ရန်ကွာ၊
နှစ်ဆယ်ဝါကား၊ ရာဇဂြိုလ်၎င်း၊ ရောက်ပြန်ရှောင်း၏ ၊ နှစ်ပေါင်းဝီသ၊ ပထမဗောဓိ၊
မုနိမြတ်စွာ၊ ၀ါဆိုပါလည်း၊ မြဲစွာမရှိ၊ နောက်ဗောဓိကား၊ သာဝတ္ထိမှာ၊ ပုဗ္ဗာရုံမွန်၊
ဇေတ၀န်ဟု၊ နှစ်တန်ကျောင်းမှာ၊ လူးလာမဝေး၊ နှစ်ဆယ့်လေးပါး၊ နေပြီးခါမှ၊
နိဗ္ဗာနသို့၊ ကြွအံ့လူလူ၊ ၀ါတစ်ခုကား၊ ဝေဠုဝရွာ၊ ကပ်မှီလာ၏ ၊ သင်္ချာမှတ်သား၊
ဆယ့်ငါးဌါန၊ ပဉ္စတ္တာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ တိုင်ခါဝယ်၌၊ ဘုန်းကြွယ်ထွဋ်ခေါင်၊
ခေမာသောင်းသို့၊ ရွှေဖောင်တော်ယွန်း၊ စံသိမ်းမြန်းသည်၊ သုံးခန်းလူတို့မှန်ကူတည်း။
Image Hosting Site<
ဝါဆိုလသည် နွေရာသီတစ်ဝက် ၊ မိုးရာသီတစ်ဝက်လ ဖြစ်သည်။ ရှေ့အဆန်း ဆယ့်ငါး၇က်က နွေရာသီ၌ အကျုံး ၀င်၍ နောက်လပြည့်ကျော် ဆယ့်ငါးရက်က မိုးရာသီတွင် အကျုံးဝင်သည်။ ၀ါဆိုလတွင် မိကျောင်းပန်းများ ဖွေးဖွေး လှုပ်ပွင့်ကြသဖြင့် “၀ါဆိုလပြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး“ ဟု တောင်သူဦးကြီးတို့ ဆိုခဲ့ကြသည်။ ၀ါဆိုလ တွင်မိုးများသည်းထန်စွာရွာသွန်းလို့လယ်ကွင်းပြင်တစ်ခုလုံး ရေတွေဖွေးနေသဖြင့်“ ၀ါဆိုဝါခေါင် ရေဖောင်ဖောင် ” ဟုဆိုခဲ့ကြသည်။ နေ့ဝါဆို ညပြာသို ဆိုသည့်အတိုင်း ၀ါဆိုလတွင် ညတာတို၍ နေ့တာရှည်သည်။ ၀ါဆိုလ၌ မွန်း တည့်ချိန်တွင် လူရိပ်မထွက် ၊ နေပူတွင်ရပ်နေလျှင် လူရိပ်က လူ့အောက်မှာ ပျောက်နေသည်။ ထို့ကြောင့် “၀ါဆိုလူ့အောက် ၊ အရိပ်ပျောက်“ ဟု ဆိုကြသည်။
ပုဂံခေတ်က ၀ါဆိုကို မလွတ်တာ ၊ မြွယ်တာ ၊ နွယ်တာ ၊ နွေတာဟု အမျိုးမျိုး ခေါ်ဝေါ်ရေးသားခဲ့ကြ၏။ အဓိပ္ပာယ် လယ်မြေတိုင်းသောကာလ မြေတိုင်းလ (မြွယ်၊ လယ်မြေ ၊ တာ-တိုင်းတာသောလ) နွေရာသီလွန်ပြီးသောကာလ (နွေ-နွေရာသီ ၊ တာ (အတီတာ) လွန်ပြီးသောကာလ) နွေရာသီ၏ အဆုံးဖြစ်သောကာလ(နွေ-နွေရာသီဝတာ (အန္တတာ) အဆုံးဖြစ်သောကာလ ) ဟု အဓိပ္ပာယ် ထွက်သည်။
ရှေးပဒေသရာဇ်ခေတ်က ၀ါဆိုလ၏ ပွဲတော်သည် ပဉ္ဇင်းခံ ရှင်ပြုပွဲတော်ဖြစ်သည်။ ဗုဒ္ဓသာသာနာတော် တိုးတက် စည်ကားပြန့်ပွားရေးနှင့် ဗုဒ္ဓယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားရေးတို့ကို ရည်ရွယ်၍ ရှေးဘုရင်များက အမြော် အမြင်ကြီးစွာ ကျင်းပခဲ့ ကြသည်။ ၁၈၈၅ ခုနှစ်တွင် ပဒေသရာဇ်ခေတ်နဲ့အတူ ထိုရာသီပွဲတော်ကွယ် ပျောက် သွားပြီးနောက်ပိုင်း ၀ါဆိုပွဲတော်သည် ရာသီပွဲတော်အဖြစ် ရောက်ရှိလာခဲ့သည်။ ၀ါဆိုပွဲတော်ဟူရာ၌ သံဃာတော် များ ၀ါဆိုကပ်ပွဲ ၊ ၀ါဆိုပန်းဝါဆိုဆွမ်း ၊ ၀ါဆိုသင်္ကန်း ကပ်လှူပွဲ ၊ သက်ကြီးပူဇော်ပွဲများ ပါဝင်လေသည်။
“သန္ဓေ၊ တောထွက် ၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ“ ဆိုသည့်အတိုင်း ၀ါဆို လပြည့်နေ့သည်ဘုရားအလောင်းတော် ပဋိသန္ဓေယူသည့်နေ့ဖြစ်သည်။ အလောင်းတော် တော်ထွက်တော်မူရာနေ့ ဖြစ်သည်။ ဘုရားရှင်တန်ခိုး ပြာ ဋိ ဟာ ပြတော်မူသောနေ့ လည်းဖြစ်သည်။ရှေးဆရာများက ၀ါဆိုလပြည့် နေ့ကို ဓမ္မစကြာအခါတော်နေ့ အဖြစ် သတ်မှတ်ကြသည်။
မဟာသက္ကရာဇ် ၁၀၃ ခု ၀ါဆိုလပြည့် စနေနေ့ ညနေချမ်း နေ၀င်လထွက်ချိန်တွင် ပဉ္စ၀ဂ္ဂီငါးဦး အမှူးရှိသော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦး ဟောတော်မူခဲ့သည်။
သတ္တ၀ါတို့သည် သုံးဆယ့်တစ်ဘုံ သံသရာထဲ၌ အိုရ ၊ နာရ ၊ သေရ စားရေးအတွက် ပူပန်ရ၊ ၀တ်ရေးအတွက် ပူပန်ရ ၊ နေရေးထိုင်ရေးအတွက် ပူပန်ရ၊ သားရေးသမီးရေး အတွက် ပူပန်ရ ထိုသို့ သောကပရိဒေ၀ ဒုက္ခဒေါမ နဿတွေနှင့် လုံးလည်ချာလည်လိုက်နေတော့၏။ အဘယ့်ကြောင့် ထိုသို့ သောကဗလဗွနှင့် ဒုက္ခရောက်နေကြပါ သနည်းဟု အကြောင်းမှန်ကို ရှာလိုက်တော့ အမှန်တရားကို မသိရှိခြင်း ၊ အမှန်တရားကို ဖုံးကွယ်ခံထားရခြင်း ခံစားခွင့်အကျိုးထူးကို မခံစားရခြင်း ကြောင့်ဖြစ်၏။ အမှန်တရားကို မည်သူက ဖုံးကွယ်ထားသနည်းဟု အကြောင်း ရင်းကို ရှာပြန်သော် အ၀ိဇ္ဇာက ဖုံးကွယ်ထားခြင်း ဖြစ်၏။
ဆရာကြီးဦးရွှေအောင်က အ၀ိဇ္ဇာသည် ဖုံးလည်းဖုံးတတ်သည်။ ဖော်လည်း ဖော်တတ်သည်ဟု ဆို၏။ အ၀ိဇ္ဇာက ဟုတ်တာမှန်တာကိုကျ ဖုံးထား၏။ မဟုတ်တာ မမှန်တာကျ ဖော်ပြ၏။ မဟုတ်တာ မမှန်တာဟူသည် ပုဂ္ဂိုလ်၊ သတ္တ ၀ါ ၊ ငါ သူတပါး ၊ အထီး အမ အကောင်အထည် ၊ ဒြပ်ဝတ္ထုများ ဖြစ်၏။ ဘုရားရှင်သည် အ၀ိဇ္ဇာအမှောင်ထုမှ ဦး စွာ ဖောက်ထွက်၍ အ၀ိဇ္ဇာအလင်းရောင်ထဲသို့ ဦးစွာရောက်ခဲ့၏။ သစ္စာဓမ္မအမှန်‌တရားကို ဦးစွာပထမ သိရှိခဲ့၏။ အမှန်တရားကို သိရှိသဖြင့် ဗုဒ္ဓဟူသော အမည်နာမကို ရရှိခဲ့၏။ ထိုအမှန်တရားကို ထုတ်ဖော်တင်ပြ ၊ ဟောပြ ပို့ချခြင်းကြောင့်လည်း ဗုဒ္ဓဟူသော အမည်ထူးကို ရရှိ၏။ဘုရားရှင်သည် အစွန်းလွတ်သော ကျင့်စဉ်ကို ချပြတော်မူ၏။ မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဟု ခေါ်၏။ အလယ်အလတ် ကျင့်စဉ်ဟု အဓိပ္ပာယ်ရ၏။ ထိုကျင့်စဉ်သည် ဓမ္မရေး၌သာမက လောကရေး၌ပါ အလွန် အရေးပါလှ၏။ လော ကရေးဟူသည် လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ နိုင်ငံရေး စသည် လူနှင့်ဆိုင်သောအရေးအားလုံး အကျုံးဝင်၏။ မှန်မှန်လျှောက် ခရီးရောက်သည်။ အမှန်ကို အမြန်လိုက် မမီနိုင်ဟူသော ဆိုရိုးစကားတို့၌ မှန်မှန်-အမှန်ဟူသည် မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဖြစ်၏။ မဇ္ဈိမပဋိပဒါ ကျင့်စဉ် နှင့်အညီ အရာရာကို မှန်မှန်လေး လုပ် ကိုင်ဆောင်ရွက်ခြင်းသည် လိုရာကိစ္စ ပြီးမြောက်ဖို့ သေချာ၏။ အမြန်သမားနှင့်အမှန်သမားနှစ်ဦး ယှဉ်ပြိုင်လုပ်ကိုင်ရာ ရေရှည်မှာ အမှန်သမားက ပို၍ ခရီးရောက်သည် ကို တွေ့ရ၏။
လူမှုကိစ္စအရေးပေါင်းများစွာ၌ အစွန်းမထွက်ဖို့လို၏။ အစွန်းမရောက်ဖို့လို၏။ အစွန်းလွတ်ဖို့ လို၏။ အစွန်းရှောင် ၍ အလယ်လမ်း အမှန်လမ်းက လျှောက်မှသာ အမှန်တရားကို တွေ့ရှိနိုင်၏။ တကယ်တမ်းကလည်း ချမ်းသာသုခ ဟူသည် အမှန်တရား၏ အရိပ်အာဝါသ အောက်တွင်သာ ရှိ၏။ အမှန်တရား၏ ရိပ်မြုံ၌သာ ချမ်းသာသုခကို ရှာဖွေတွေ့ရှိနိုင်၏။ ချမ်းသာချင်လျှင် အမှန်လမ်းကြောင်းက သာ လျှောက်ရ၏။ အမှန်လမ်းကြောင်းပေါ်ရောက် ဖို့ လောဘစွန်းကလည်း မသွားနှင့်။ ဒေါသစွန်းလမ်း ကြောင်းကလည်း မသွားနှင့်။  အချစ်လမ်းကြောင်းကလည်း မသွားနှင့်။ အမုန်းလမ်းကြောင်းကလည်း မသွားနှင့်။ လောဘစွန်း အချစ်လမ်းကြောင်း၏နောက်မှာ တယူသန်မှုဒိဌိ၊ ငါတကောကောမှု မာနတွေ ပါဝင်၏။ ဒေါသစွန်း အမုန်းလမ်းကြောင်း၏ နောက်မှာ မနာလိုမှု ၊ ဿာဝန်တိုမှု ၊ မစ္ဆရိယ တို့ပါဝင်၏။
အလောင်းတော်သည် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခြင်းဖြင့် လမ်းမှားသွားခဲ့၏။ နောက်မှ လမ်းမှားမှန်းသိပြီး ပုံ မှန်လမ်း ၊ မဇ္ဈိမပဋိပဒါလမ်းပေါ် ပြန်တက်ပြီး လျှောက်မှသာ အမှန်တရားကို တွေ့ရှိတော့၏။ သူကိုယ်တိုင် အမှန် တရားကို တွေ့ရှိပြီးအခါ ကမ္ဘာလောကကြီးကို ကြည့်လိုက်တော့ ကမ္ဘာလောကကြီးတစ်ခုလုံး အ၀ိဇ္ဇာအမှောင် ထု ကြီး လွှမ်းဖုံးပြီး အမှန်တရားပျောက်ကွယ်နေတာကို တွေ့ရ၏။ သတ္တ၀ါအားလုံး အမှောင်လမ်းမှာ စမ်းတ၀ါးနှင့်ဒု က္ခတွေ ပင်လယ်ဝေနေတာကို တွေ့ရ၏။ ထို့ကြောင့် သစ္စာလေးပါး အမှန်တရား မီးရှူးတိုင်ကို ထွန်းညှိပြချင်လို့ ဦးစွာပထမ သစ္စာလေးပါး အမှန်တရားကို တရားဦးအနေနဲ့ ဟောတော်မူခဲ့သည်။
ဘုရားရှင် အမှန်တရားကို ရှာဖွေတွေ့ရှိရာ၌ လျှောက်လှမ်းခဲ့သော မဇ္ဈိမပဋိပဒါ အစွန်းလွတ်လမ်းစဉ်ဟူသည် မဂ္ဂင် ရှစ်ပါးဖြစ်၏။
ဤမဇ္ဈိမ ပဋိပဒါ အမှန်လမ်းကြောင်းက လျှောက်လျှင် ချမ်းသာဖို့ သေချာ၏။ ချမ်းသာသုခ တစ်ခု မျှ၌ လောက အထုအကုန်စု၏ ဟု ဆိုသည်။ လောကသားအားလုံး၏ ဆန္ဒသည် တစ်နေရာတည်းမှာ သွား၍ စုမိကြသည်။ ထိုနေ ရာက ချမ်းသာသုခဖြစ်၏။ လယ်သမားလည်း ချမ်းသာချင်သည်။ ကုန်သည် ပွဲစားလည်း ချမ်းသာချင်သည်။ လခ စား ၀န်ထမ်းများလည်း ချမ်းသာချင်သည်။ လူတိုင်း လူတိုင်း ချမ်းသာချင်သည်။ ချမ်းသာစေလျှင် ချမ်းသာချင်လျှင် မဇ္ဈိမ ပဋိပဒါ အလယ်လမ်းက လျှောက်ဖို့လို၏။ ဘယ်ဘက်ကိုမှ အစွန်းမထွက်စေနှင့် ။ အစွန်းထွက်လျှင် ဒု က္ခရောက်လိမ့်မည်။
ပုထုဇဉ်သည် အတ္တကကြီးစိုးသဖြင့် အရာရာကို အတ္တဘက်ကသာ ကြည့်၏။ အတ္တဘက်ကသာ တွေး၏။ အတ္တ ဘက်ကို ဘက်လိုက်၏။ ပုထုဇဉ်သည် အတ္တကို အရမ်းညှာလွန်းတော့ အတ္တကို ညာရ၏။ အတ္တကို ညာသူသည် ပရကိုလည်း ညာတော့၏။ ညာဟူသည် မုသားပင်ဖြစ်၏။ မုသားဟူသည် သစ္စာနှင့် ဆန့်ကျင်ဘက်ဖြစ်၏။ သစ္စာ ကို ဆန့်ကျင်လျှင် အတ္တသို့မဟုတ် ပရ တစ်ဦးဦးတော့ ဒုက္ခရောက်မှာ သေချာ၏။ အတ္တ ဒုက္ခရောက်ခြင်းသည် အတ္တကြောင့်ချည်းမဟုတ် ။ ပရ ကြောင့် ဒုက္ခရောက်ရတာတွေ လည်း အများကြီးရှိသည်။ ပရကို ဒုက္ခပေးလျှင် ထိုဒုက္ခသည် နောက်ဆုံးတော့ အတ္တထံမလွဲမသွေ ရောက်လာမှာ သေချာ၏။ ချမ်းသာသုခဟူသည် သစ္စာနှင့် ယှဉ်မှသာ ရေရှည်ရနိုင်၏။ မုသားနှင့်ယှဉ်၍ မရနိုင်။ ချမ်းသာချင်လျှင် ချမ်းသာစေချင်လျှင်တော့ သစ္စာတရား ကို မြတ်နိုးမှ ဖြစ်မည်။ အမှန်တရားနှင့် ရင်းနှီးယူမှရမည်။ ဒုက္ခတွေ့နေပြီ ဆိုလျှင် တခုခုတော့ မှားနေသည် မှာ သေချာ၏။ ထိုအမှားကို တွေ့အောင်ရှာ၊ သိအောင်လုပ် ၊ အမှားကို အမှန်ဖြစ်အောင် ပြုပြင်၊ အမှားကို အ မှန်ဖြစ်အောင် ပြုပြင်ရဲသော သတ္တိသည်သာ သတ္တိအစစ်ဖြစ်၏။ သတ္တိအစစ်ကသာ ချမ်းသာသုခကို ဖန် ဆင်းနိုင်၏။ သတ္တိအစစ်အမှန်လျှင် မိုက်ရူးရဲသာဖြစ်မည်။ မိုက်ရူးရဲကတော့ ဆင်းရဲကောင်းရုံသာ ရှိမည်။
ဘုရားရှင်သည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်တွေ ဖြည့်ကျင့် ဆည်းပူးပြီး ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ခဲ့ခြင်းသည် ဝေနေယျသတ္တ၀ါ အများ ချမ်းသာစေဖို့ဖြစ်၏။ ချမ်းသာ တရားကို ဦးစွာပထ မ ဟောတော်မူခြင်းဖြစ်၏။ သစ္စာသိမှသာ ကိစ္စအားလုံးပြီးမြောက်မည်။ ထို့ကြောင့် ဘုရားရှင်က သစ္စာလေးပါးကို တရားဦးအနေနှင့် ဟောတော်မူခဲ့၏။
သစ္စာလေးပါးဟူသည်
ဒုက္ခသစ္စာ    - ဆင်းရဲခြင်းအမှန်တရား
သမုဒယသစ္စာ- ဆင်းရဲကြောင်းအမှန်တရား
နိရောဓသစ္စာ        - ဆင်းရဲငြိမ်းရာ အမှန်တရား
မဂ္ဂသစ္စာ     - ဆင်းရဲငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်မှန်တရား
ထိုသစ္စာလေးပါးကို သစ္စဥာဏ် ၊ ကိစ္စဥာဏ် ၊ ကတဥာဏ် သုံးပါးနှင့်လည်ပတ်သွားအောင် လှည့်လည်ပြခြင်းသည် ပင် ဓမ္မစက္က-စမ္မစကြာတရားတော်မြတ် ဖြစ်သည်။
Thursday, July 18, 2013
အာဇာနည်နေ့ ( ဇူလိုင် ၁၉ )
အာဇာနည်နေ့ ( ဇူလိုင် ၁၉ )
၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဌ၊ ကာကွယ်ရေး နှင့် နိုင်ငံခြားရေး ဌာန
၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘ၀င်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေး ဌာန၊
၎။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမား ဌာန၊
၇။ မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း-တောင်တန်းရေးရာဌာန၊
၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေး ဌာန၊
၉။ ပျော်ဘွယ် ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေး ဌာန၊
၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်း ဌာန၊
၁၁။ ဦးအုံးမောင် -ဒုတိယ အတွင်းဝန် လမ်းပန်းဆက်သွယ်ရေး ဌာန တို့ဖြစ်တယ်။
Image Hosting Site
Free Image Hosting
Image Upload
 Image Hosting
                          အောင်ဆန်းအာဇာနည်
Free Image Hosting\
အာဇာနည်နေ့အမှတ်တရ
ဖေဖော်ဝါရီ တစ်ဆယ့်သုံး မှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာ သား
ဇာတိနတ်မောက် မကွေး ခရိုင်
သိကြများခုတိုင်
ကြံ့ကြံ့ ခိုင်တဲ့ ဇာနည်ဖွား
မိခင် ဒေါ်စု သား
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြတမလွန်
မျက်ရည်သွန်လို့ ဘဝင် ညှိုး
ဇူလိုင် ဆစ်တယ့် ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါ့တို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား ။
         ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။ ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း၃၀ ။ ထိုနေ့သည် မြန်မာပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်ခဲ့လေသည်..အစည်းအဝေးများ ကျင်းပရာ ၀န်ကြီးများ ရုံးတွင် သေနတ်သံများကြားလိုက်ရပြီးမြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၀န်ကြီးများဖြစ်သော သခင်ြမ ၊ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင်၊ ဦးဘ၀င်း ၊  မိုင်းပွန်စော်ဘွားစ၀်စံထွန်း ၊ဦးအုန်းမောင် ၊ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေး တို့ လုပ်ကြံခံခဲ့ရ ပါသည်။ မြန်မာပြည်တစ်ဝှန်းလုံးရှိ ပြည်သူလူထုတို့ ၏ မျက်ဝန်းအိမ်မှ မယုံကြည်နိုင်သော အရိပ်အယောင် နှင့် အံ့သြမှု ၊ ၀မ်းနည်းမှု ၊ မှင်တက်မှု ၊ကြေကွဲမှု တို့ မှ ဖြစ်ပေါ်လာသော မျက်ရည်များကျဆင်းခဲ့ရပါသည်..။တိုင်းပြည်နှင့် လူမျိုး အကျိုးကို လုပ်ဆောင်နေ ကြသော ခေါင်းဆောင်ကြီးများကို မှ ဦးတည် လုပ်ကြံခဲ့ကြသော လူသတ်သမား တို့ ကို နာကျည်းမုန်းတီးလျက် ဖြေမဆည်နိုင် သော ၀မ်းနည်းမှုများ လူထု တစ်ရပ်လုံး၏စိတ်တွင် ဖြစ်ပေါ်လာခဲ့သည်..။ထိုသို့သော အာဇာနည် နေ့ထူးနေ့မြတ်ကို မမေ့သင့်ပေ.။ သမိုင်းဟူသည် မည်သည့် နိုင်ငံ ၊ မည်သည့် လူမျိုး အတွက်မဆို မရှိမဖြစ်သော အကြောင်းအရာ ဖြစ်သည်..။ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ ဟူ၍ ကောင်းရာမှန်ရာ လုပ်ကိုင်ပါက အနာဂတ် အတွက် နာမည်ကောင်းရသကဲ့သို့ မှားယွင်းသော လုပ်ဆောင်ချက်များဖြစ်ပါက သမိုင်းတွင် အမည်းစက် ကြီးသာ ဖြစ်နေပေလိမ့်မည်..။ထို့ကြောင့် သမိုင်းကြောင်းကောင်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့...။
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)။ ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။ သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။
       သခင် မြ (၁၈၉၇ - ၁၉၄၇)
 Image Hosting
          သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။
                 ဦးဘချို (၁၈၉၃ - ၁၉၄၇)
 Image Hosting
         ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် 
တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။ ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။
                 ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
 Image Hosting at ImageHousing.com!
             အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။ ၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။
                မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
 Image Hosting
              ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။
                   မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
 Image Hosting Site
               မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား 
စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။                 
                 ဦးဘဝင်း(၁၉ဝ၁ - ၁၉၄၇)
 Image Hosting
              နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။
                  ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
 Image Hosting Site
                   ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။
                  ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
 Image Upload
              မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊
 ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။
အထက်ပါ အကြောင်းအရာများကို အာဇာနည်နေ့ အထိန်းအမှတ် စာအုပ်များမှ ကူးယူဖော်ပြခြင်းဖြစ်သည်။“ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၇၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။
Image Hosting Site                    
 မှတ်ချက်။ ။ဇူလိုင်(၁၉) ရက်နေ့ ၊ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင်
အာဇာနည်နေ့ ခေါင်းဆောင်ကြီးများကို အောင့်မေ့လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဘလော့များကိုတိတ်ဆိတ်ငြိမ်သက်စွာ ထားရှိကြပါရန်အကြံပြုတိုက်တွန်းအပ်ပါသည်။ ။
မိတ်ဆွေဘလော့ဂါအသီးသီးအားလည်းကူညီတိုက်တွန်း ပေးပါရန် တောင်းခံအပ်
ပါသည်။
  " ပြောလိုက်ပါဘိ ဟောပါဘိ "
မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမ တွင်
ပျံကြ ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်း သို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနဲ ခံခက်
မျက်စီ မျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။ 
 Free Image Hosting
ဆရာဇော်ဂျီ
"လေးစားစွာဖြင့် ဂုဏ်ပြုပါသည် အားလုံးသော အာဇာနည်"
ပြည့် ဖခင်
(အာဇာနည်နေ့အား ထာဝရအမှတ်ရစေရန်)
တို့ဗိုလ်ချုပ်ပေါ့....
လူအုပ်ထဲ တိုးပြီး ရုပ်ရှင်ကြည့်တာ
ခုံဖိနပ်နဲ့
အင်္ကျီက အစုတ်အပြတ်နဲ့
ကဲ...အဲဒါသာကြည့်
သူ့မှာ မာနမရှိ
ပကာသန မရှိ
သုခလည်းမရှိ
အကြောက်တရားဆိုတာ သိကိုမသိဘူး
ဒါပေမယ့် သတ္တိတော့ ရှိတယ်
မျိုးချစ်စိတ်ရှိတယ်။
တို့ဗိုလ်ချုပ်ပေါ့
နယ်ချဲ့တွေကို
ဖိန့်ဖိန့်တုန်စေခဲ့တာ
ကချင်တွေကလည်း ဒါမှ တို့ဗိုလ်ချုပ်ကွ တဲ့
ရှမ်းတွေကလည်း တို့ဗိုလ်ချုပ် တဲ့
တိုင်းရင်းသားအားလုံးက
ဗိုလ်ချုပ်မှ ဗိုလ်ချုပ်။
တို့ဗိုလ်ချုပ်ပေါ့
လွတ်လပ်ရေးအကြောင်းကို တွေးနေရလို့
ဆံပင် ညှပ်နေတာတောင်
မပြီးပဲ ထ ထွက်သွားတယ်
ဖိနပ်တောင် ဘယ် နဲ့ ညာ မှားပြီးစီးတယ်။
တစ်တိုင်းပြည်လုံးက
"မင်းလောင်း ပေါ်ပြီပော့" လို့
တို့ဗိုလ်ချုပ်နောက်ကို လိုက်လာကြတာလေ
အသက် လာပေးကြတာလေ
စဉ်းစားသာ ကြည့်ပါလေ...
ဗိုလ်ချုပ်အကြောင်းကို တွေးမိရင်တောင်
ကြက်သီး ဖြန်းဖြန်း ထလာမိတယ်
မျက်ရည်စို့မိတယ်။
တို့ဗိုလ်ချုပ်ပေါ့
အင်အားကြီးရန်သူနဲ့ တိုက်ပွဲတိုင်းမှာ
တိုက်တိုင်းအောင်ခဲ့တာ
"အောင်ပြီပော့"လို့ ကြွေးကြော်သံတွေကလည်း
ဘ၀ဂ်ထိတိုင်တယ်။
တို့ဗိုလ်ချုပ်ပေါ့
မြန်မာတွေကို
ကျွန်တွင်းက ဆွဲထုတ်ခဲ့တာ
သူက သူ့ပြည်သူတွေကို ချစ်သလို
သိပ်ယုံတယ်
သူ့ရဲ့ ယုံကြည်မှုကို
ဇူလိုင် ၁၉ မှာ အလွဲသုံးစား လုပ်ခဲ့တာ
သူ့ရဲ့ ကျေးဇူးကို ကျေးစွပ်ခဲ့တာ
တွေးမိတိုင်း တက်ခေါက်မိတယ်။
တို့ဗိုလ်ချုပ် လုပ်ကြံခံရတော့
တစ်နိုင်ငံလုံးပေါ့
မယုံတစ်ဝက် ယုံတစ်ဝက်နဲ့
မျက်ရည်စက်လက် ကျကြတာ
ငိုလိုက်ကြတာ
နှမြောလိုက်ကြတာ။
ဒါပေမယ့်လေ...
တို့နှလုံးသားထဲမှာ
ဗိုလ်ချုပ်ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်ပဲသိတယ်
တို့သမိုင်းမှာကော
ကမ္ဘာ့သမိုင်းမှာပါ
တို့ဗိုလ်ချုပ်ပာာ
ခုတိုင်...
အထင်ကရ ရှိနေလေရဲ့။
 Image Search
ပြည်ငြိမ်း
ဗိုလ်ချုပ်အတွက်
ဂုဏ်ပြုထားပြီးသား
၁၈၉၇ ဝယ်
ပြည် ၏ မြို့ နယ်
ထုံးဘိုရွာမှ
အောက်တိုဘာလ
(၇) ရက်က
အဖ ဦးဖိုးချွန်ရယ်
အမိ ဒေါ်သက်လယ်မှ
"မောင်ရွှေဘလေး"
မွေးထုတ်ပေးခဲ့တယ်။
ဒို့ ဗမာအစည်းရုံး ဝင်ရာမှ
"သခင်မြ" ဟုတွင်လာရ
ဗိုလ်ချုပ်နှင့်တကွ
ဝန်ကြီးများအဖွဲ့ မှာ
တာဝန်ယူပေးသွားခဲ့ရှာ
ပြည်ထဲရေးဝန်ကြီးအဖြစ်နဲ့ ပါ။
ထိုမှတစ်ဖြာ
"လယ်သီးစားဋီကာ ဥပဒေ" အား
ရေးသား သွားရှာပါတဲ့
"သခင်မြဟာ"
နိုင်ငံအကျိုး သယ်ပိုးနေရင်း
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"နှိုင်းစရာစကားရှာမတွေပါတဲ့"
"မသာမာသူတို့ ရဲ့ လက်ချက်နဲ့ "
"တို့ ကမ္ဘာရဲ့ တစ်ဖက်ကို"
"ထားဝရနှုတ်ဆက်ကာ"
"ထွက်ခွာသွားလေပြီးသော"
"သခင်မြ" အား
"လေးစားစွာဖြင့် ဂုဏ်ပြုပါသည်"
"သခင်မြ အာဇာနည်"
၁၈၉၃ မှာ
မြန်မာဆေးဆရာ
ဦးဘိုးစာနှင့်
မိခင်အလှ
ဒေါ်မြစ်တို့ မှ
ဧပြီရဲ့လ၂၄ရက်က
သားလှတစ်ပါး
ဖွားပေးသွားရာ
ထိုသူအမည်ဟာ
"ဦးဘချို" ပါ။
ဒီဒုတ်ဂျာနယ်
ကိုယ်တိုင်ဦးစီး
ထုတ်ဝေပြီးမှ
"ဘချိုရှေ့ မှာ"
"ဒီဒုတ်တပ်ကာ"
"ဒီးဒုတ်ဦးဘချိုဖြစ်လာခဲ့သူ။"
ဗိုလ်ချုပ်နှင့်တကွ
ဖဆပလ အစိုးရမှာ
တာဝန်ယူသွားပေးတာ
ပြန်ကြားရေးဝန်ကြီးအဖြစ်နဲ့ ပါ
သခင်မြတို့ နှင့်အတူသာ
အပင်ပန်းကို ခံကာ
တိုင်းရေးပြည်ရာကြိုးစားရှာရင်း
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"မသာမာသူတို့ ရဲ့ လက်ချက်နဲ့ "
ကျဆုံး၍သွားသော။
"ဒီးဒုတ်ဦးဘချို " အား
လေးစားစွာဖြင့် ဂုဏ်ပြုပါသည်
"ဒီးဒုတ်ဦးဘချို အာဇာနည်"
၁၈၉၈ က
အငြိမ်းစားတိုက်ပိုင်
Mr အေရာမန်နှင့်
အမိဒေါ်ညိမ်းလှမှ
ဇန်နဝါရီလ ၁၉ ရက်က
"ဦးရာဇာတ်အား"
မွေးဖွား ခဲ့ရှာ
မိတ္ထီလာမှာပေါ့။
ဆယ်တန်းမှာ
ဂုဏ်ထူး၂ဘာသာက
"ပါဠိ နဲ့ အင်္ဂလိပ်စာ"
ကိုယ်းကွယ်သည်က
အစ္စလာမ်သာသာ
ဗမာမွတ်စလင်ကွန်ဂရက်မှာ
"ဥက္ကဋ္ဌ" ဗိုလ်ချုပ်နှင့်တကွ
တာဝန်ယူသွားပေးတာက
"ပညာရေးမှအစ"
"အမျိုးသား စီမံကိန်းဌာန"
ဝန်ကြီးဘဝနဲ့ သာ
လွတ်လပ်ရေးရဖို့  ကြိုပမ်းကာ
လက်တစ်ကမ်းအလို၌သာ
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"မသာမာသူတို့ ရဲ့ လက်ချက်နဲ့ "
ခန္ဓာပျက်ခဲ့ရရှာတဲ့
"ဦးရာဇာတ်အား"
လေးစားစွာဖြင့်
ဂုဏ်ပြုပါသည်
"ဦးရာဇာတ် အာဇာနည်"
၁၉၀၃ ခုနှစ်တုန်းက
အဖ မန်းပေကုန်းနှင့်
အမိဒေါ်ပုမှ
ဟင်္သတမြို့ နယ်
ယုန်တလင်းရွာဝယ်
အောက်တိုဘာလ၂၆ ရက်က
သားကလေးယောက်ျား
မွေးဖွားပေးရာ
နောင်တစ်ချိန်မှာ
"မန်းဘခိုင် ဟုဖြစ်လာသည်"။
ကရင်ဗမာချစ်ကြည်ရေး
အထူးဆောင်ရွက်ပေးလို့ 
ဖက်ဆစ်တော်လှန်ရေးမှာ
ပါဝင်ပြကာ လွပ်လပ်ရေးရချင်ခဲ့သူ။
ဗိုလ်ချုပ်နှင့်တကွ 
ကျရာတာဝန်က
ထမ်းဆောင် သွားသည်က
စက်မှုလက်မှုနဲ့  အလုပ်သမား
ဝန်ကြီး ဘဝ အား
ကြားဖြတ်အစိုးရမှာ
ထမ်းဆောင်နေရင်း
လွတ်လပ်ရေးရဖို့  ကြိုပမ်းကာ
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"မသာမာသူ လူတစ်စုက"
"လုပ်ကြံရက်စက် ပစ်သတ်ခဲ့၍"
ကွယ်လွန်သွားသော
ယုန်တလင်းရွာသား
"ကရင်အမျိုးသား"
"မန်းဘခိုင် "အားဂုဏ်ပြုပါသည်
"မန်းဘခိုင် အာဇာနည်"။
၁၉၀၇ က
မေလ၃၁ ရက်နေ့ သား
မိုင်းပွန် တဲ့လား
စော်ဘွားစစ်ခွန်ထီးရဲ့သား
မဟာဒေဝီနန်းစိန်ဥမှဖွား
၁၉၂၈ မှာ
စော်ဘွားခံယူသွားသော
"စပ်စံထွန်းတဲ့ လား"
သိပ္ပံနည်းကျ
စိုက်ပျိုးရေးဘက်မှ
ထွန်းကားဖို့ ရာ
လက်တွေ့ ကျကျ
ကြိုးစားရှာသူ
မြေပြန့် တောင်တန်း
သွေးမကွဲစတမ်းအတွက်
ကြိုးပမ်းခဲ့ရှာသူ
ပင်လုံချုပ်စာမှာ
လက်မှတ်ထိုးကာ
အုပ်မြစ်ချပေးခဲ့သူ။
ဗိုလ်ချုပ်နှင့်တကွ
ကြားဖြတ်အစိုးရမှာ
တောင်တန်းဒေသ
အတိုင်ပင်ခံဝန်ကြီးဘဝနဲ့ 
လွတ်လပ်ရေးရဖို့  ကြိုပမ်းကာ
လက်တစ်ကမ်းအလို၌သာ
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"မသာမာသူတို့ ရဲ့ လက်ချက်များနဲ့ "
ကျဆုံး၍သွားခဲ့ရှာသော
မိုင်းပွန်စော်ဘွားကြီး
"စပ်စံထွန်းအား"
တတ်စွမ်းသမျှဖြင့်သာ
ဂုဏ်ပြုပါသည်
"မိုင်းပွန် စော်ဘွားကြီး"
"စပ်စံထွန်း အာဇာနည်"
၁၉၀၁ ဝယ်
 နတ်အောက်နယ်မှ
ဦးဖာ ဒေါ်စုမှ
ဇွန်လ၁၁ ရက်ဖွား
အကြီးဆုံးသား
"ဦးဘဝင်း ဟာ"
ဗိုချုပ်၏ အစ်ကိုပါ။
ဖဆပလ
ဥက္ကဋ္ဌ လည်းဖြစ်
စစ်ပြီးခေတ်မှာ
ဝန်ကြီးနေရာ
တာဝန်ယူသွားသည်က
ထောက်ပံ့ရေးနှင့်
ရောင်းဝယ်ကူးသန်းမှာ။
ဗိုလ်ချုပ်နှင့်တကွ
လွတ်လပ်ရေးရဖို့ 
ကြိုးပမ်း ကြစဉ်အခါ
လက်တစ်ကမ်းအလို၌သာ
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
"မသာမာသူတို့ ရဲ့ လက်ချက်နဲ့ "
ကျဆုံးခဲ့ရရှာသူ
"ဦးဘဝင်းအား"ဂါရဝတရားဖြင့်
လေးစားစွာ ဂုဏ်ပြုပါသည်
"ဦးဘဝင်း အာဇာနည်"။
၁၉၁၃ က
မင်းဘူးမြို့ မှ
Mr အိတ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၏သား
ဒေါ်ရွှေမြင့်မှဖွားပေးသွားတာ
"ဦးအုန်မောင်"ဆိုသူပါ
ဖေဖော်ဝါရီ ၂ ရက်နေ့ လေးမှာ။
၁၉၃၇ စာမေးပွဲဟာICS မှာစာဖြေခဲ့ရာ
၃ဦးထဲက ပထမစွဲကာ
အရှေ့ ပိုင်းက မန္တလေးမှ
ဝန်ထောက်ဘဝ
ထမ်းဆောင်ခဲ့ရသေးသူ
အရေးပိုင်ဘဝ
ထမ်းဆောင်ပြသွားတာ
မြစ်ကြီးနားမြို့ မှာ
၁၉၄၇ ပါ။
ဗိုလ်ချုပ်နှင့်တကွ
လွတ်လပ်ရေးရဖို့ 
ကြိုးစားလို့ သာ
အတွင်းဝန်နေရာ
ထမ်းဆောင်သွားတာ
"လမ်းပန်းဆက်သွယ်ခြင်းနေရာမှာ"။
တိုင်းပြည်အတွက်
ကြိုးစားနေရင်းသာ
နံနက်အခါ ၁၉၄၇ မှာ
၃၇ မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
မသမာသူတစ်စုရဲ့
ယုတ်မာချက်နဲ့ 
အသက်ပေးသွားရသူ
"ဦးအုန်းမောင်"အား
လေစားစွာဖြင့် ဂုဏ်ပြုပါသည်
"ဦးအုန်းမောင် အာဇာနည်"
၁၉၂၉ က
မန္တလေးမှ
သိပ္ပံရပ်ခေါ်
တောင်ပြင်ဘက်က
ဝန်ထောက်ပင်စင်စား
လယ်ယာစိုက်ပျိုးရေး
ဦးကိုကိုလေးက
သူ၏ဇနီး ဒေါ်မင်းရီမှ
ဆဋ္ဌမမြောက်သား
"ရဲဘော်ကိုထွေးအား"
မွေးထုတ်ပေးသွားသည်။
ပညာစခန်း
နဝမတန်းထိ
၁၈နှစ်မှာ ပညာရေးဝန်ကြီး
ဦးရာဇာတ်အနီးအပါး
သက်တော်စောင့်ခန့် ထားခံရသူ။
လွတ်လပ်ရေးအတွက်
ကြိုးပမ်းနေတဲ့ 
အာဇာနည်တွေနဲ့ မကွာ
မိနစ်ခြားကာ
နံနက်အခါ ၁၉၄၇ မှာ
"၄၅"မိနစ်နဲ့  ၁၀ နာရီအထိုး
ဇူလိုင်တစ်ဆယ့်ကိုး(၁၉)မှာ
မသမာသူတစ်စုရဲ့
ယုတ်မာချက်နဲ့ 
အသက်ပေးသွားပါသော
"ရဲဘော်ကိုထွေအား"
လေးစားစွာဖြင့်ဂုဏ်ပြုပါသည်
"ရဲဘော်ကိုထွေး အာဇာနည်"
ဗိုလ်ချုပ်နှင့်တကွ
တိုင်းပြည်အတွက်
ကိုယ်ကြိုးစွန့် ကာ
အသက်ပေးသွားခဲ့ပါသော
ရဟန်းတော်မျာ
ပြည်သူပြည်သား
တပ်မတော်သား
အမျိုးသားများ
အမျိုးသမီးများ
ဘယ်လူမျိုး
ဘယ်တိုင်းရင်းသာ
မခွဲခြားပါပဲ
ခုလိုနေ့ မျိုး
ဇူလိုင်၁၉ အကြို
၁၈ ရက်မှရှေ့ ဦးတင်းကာ
ဂုဏ်ပြုပါသည်
 တိုင်းပြည်အတွက်
"အားလုံးသော အာဇာနည်"
ကဗျာရေးသားသူသိုက်ကြီး (ကျောက်ပန်းတောင်း) kpgtheik@gmail.com
မင်းဇော်သိုက်
Friday, May 24, 2013
ကဆုန်လပြည့်နေ့ (စု၊ ဖွား၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ)
                                   ကဆုန်လပြည့်နေ့          ( စု၊ ဖွား၊ ပွင့်၊ စံ၊ ဗျာဒိတ်ခံ)
စု = ပရိနိဗ္ဗာန်စံတော်မူသောနေ့
 Image Upload
Free Image Hosting
 တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သမျှ၊ နတ်၊လူ၊ ဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ 
ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊
 အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ၀ှန်းဆူသောင်းလုံးကျော်တယ်ကို။
 မဟာသက္ကရာဇ် ၁၄၈ ခု  (ဘီစီ ၅၄၃) ( အင်္ဂါနေ့)
ဖွား = ဖွားမြင်တော်မူသောနေ့
Image Hosting
သန္ဓေယူခါ၊ ဆယ်လကြာသော်၊မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ကဆုန်လပြည့်၊
သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္မိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။
နတ်လူအောင်မြို့လမ်းပါကို။
 မဟာသက္ကရာဇ် ၆၈ ခု  (ဘီစီ ၆၂၃) ( သောကြာနေ့)
ပွင့် = ဘုရားဖြစ်တော်မူသောနေ့
 Image Hosting Site
တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗီတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မူခပင်း၊ အမိုက်သင်းကို၊ အလျှင်းပယ်ဖျောက်၊
အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်။ ။
သုံးဖော်လူတို့ငြိမ်းပါကို။
မဟာသက္ကရာဇ် ၁၀၃ ခု  (ဘီစီ ၅၈၈)  ( ဗုဒ္ဓဟူးနေ့ )
လမြတ်ကဆုန်အကြောင်း
Image Hostingကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။
ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။
ကဆုန်လတွင် ထင်ရှားသော ပွဲတော်မှာ ညောင်ရေသွန်းပွဲ ဖြစ်သည်။
မြတ်ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူမည့်နေ့ နံနက်ပိုင်းတွင်လည်း သုဇာတာ သူကြွယ် သမီး ဃနာနို့ဆွမ်း ဆက်ကပ်ခြင်း ခံရသည်မှာ သေနနိဂုံးရွာအနီး ညောင်ပင်ရင်းတွင် ဖြစ်သည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်မှာလည်း ဗောဓိညောင်ပင်ရင်းတွင်ပင် ဖြစ်သည်။
ထို့အတွက် မြတ်ဗုဒ္ဓနှင့် ပတ်သက်နေသော ဗောဓိညောင်ပင်သည် ဗုဒ္ဓဘာသာဝင် မြန်မာတို့အဖို့ အလေးအနက် ကြည်ညို လေးစားဖွယ်ရာ ဖြစ်လာသည်။ သာသနာတော်ကို ရိုသေလေးစားသော မြန်မာတို့သည် တစ်ချက်ခုတ် နှစ်ချက်ပြတ် အဖြစ် ရာသီဥတုအရလည်း ဆီလျော်သော ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော် တီထွင် ကျင်းပသည်ဟု ယူဆသည်ဟု ယူဆရပါသည်။
ပုဂံခေတ်ထိုး စောလုဝန်းဘုရား ကျောက်စာတွင် မီဖုန်၊ သင်္ကြန်၊ ညောင်ရိပ်သွန်(ညောင်ရေသွန်း) စသည် ဝေါဟာရများ တွေ့ရှိရသဖြင့် ဗုဒ္ဓသာသနာတော် အရောင်အ၀ါထွန်းကားနေသော ပုဂံခေတ်၊ လူမူစီးပွားရေး ဖွံ့ဖြိုး စည်ပင်နေသော ပုဂံခေတ်တွင် ညောင်ရေသွန်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပနေပြီဟု ယူဆရပါသည်။
မြန်မာသက္ကရာဇ် ၁၁၆၈-ခုနှစ်၌ ဘိုးတော် ဘုရားသည် ပိဋကတ်တော်နှင့် လောကီကျမ်းများကို ကူးရန်နှင့် မဟာဗောဓိပင်ကို ဖူးမြော်ရန် ရွှေတောင်သာဂဘူ၊ ရွှေတောင်သီရိစည်သူ စသည့် အမတ်ကြီးများကို အိန္ဒိယနိုင်ငံသို့ စေလွှတ်ခဲ့သည်။
မှန်နန်းရာဇ၀င်တော်ကြးတွင် မဟာဗောဓိပင် ခက်မကြီးတို့မှ ဖြာသော ခက်လက်ပေါင်း ၁၃၆-ခု ရှိသည်။ ထွာဆိုင်၊ ညှိုဆိုင်အောက်ငယ်သော ဗောဓိပင် ခက်လက်ငယ်တို့သည်ကား မရေမတွက်နိုင်အောင် အလွန်များပြားသည်။
မဟာဗောဓိ ညောင်တော်၏ အရပ်မှာ ပကတိ မြေမှ ခက်မကြီးခြောက်ခု ဖြာသည့်တိုင်အောင် အတောင် ၆၀-ကျော်သည် ဖြစ်၍ ဗောဓိညောင်တော် တစ်ပင်လုံး ရင်းဖျား ဆုံးအောင် အတောင် ၉၀-ခန့် အမြင့်ရှိသည်ဟု မှတ်တမ်းတင်ခဲ့သည်။
ဗုဒ္ဓဂါယာ၌ရှိသော ဖွားဖက်တော် ဗောဓိပင်ကို ဟိန္ဒူဘုရင် သသကသည် ခုတ်လှဲ ဖျက်ဆီးခဲ့သည်။ သို့ရာတွင် ထိုဗောဓိပင် အမြစ်နေရာမှ ဗောဓိပင်တစ်ပင် ပေါက်ရောက်လာသည်။ ထိုဗောဓိပင်သည် ၁၈၇၀-ပြည့်နှစ်တွင် ပြိုလဲသွားရာ ထိုအပင်မှ အကိုင်းကို ပြန်၍ စိုက်ပျိုးခဲ့သည်။ ယခုအခါ ဖူးတွေ့ရသော ဗောဓိသည် မူလဗောဓပင်၏ အဆက်အနွယ် ပင်ပွား ဖြစ်သည်ဟု မြန်မာစွယ်စုံကျမ်း အတွဲ-ဂတွင် ရေးသားထားပါသည်။
ရှေးမြန်မာမင်းများ လက်ထက်တွင် ဗောဓိပင် စိုက်ပျိုးခြင်း ပြုခဲ့ကြသည်။ ကိုလိုနီကျွန်သဗောက်ဘ၀မှ လွတ်မြောက်သည်နေ့၊ လွပ်လပ်ရေး ရရှိသောန့ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ ၄-ရက်နေ့ တွင်လည်း အိန္ဒိယပြည်ရှိ မဟာဗောဓိပင် အကိုင်းကို ယူဆောင်၍ ရွှေတိဂုံဘုရား ရင်ပြင်တော် အနောက်မြောက်ထောင့်၊ အနောက်ဘက် အုတ်တံတိုင်းနှင့် မြောက်ဘက် အုတ်တံတိုင်းတို့ ဆုံရာ အနီး၌ စိုက်ပျိုးခဲ့သည်။
ထို့ပြင် ကိုလိုနီခေတ်အခါက ၁၉၀၅-ခုနှစ်လောက်တွင် ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့က စိုက်ပျိုးခဲ့သော ဗောဓိပင်လည်း ရှိခဲ့သည်။ ဗုဒ္ဓဂါယာအရပ်ရှိ ဗောဓိညောင်ပင်၏ အစေ့ကိုယူ၍ စိုက်ပျိုးခဲ့သော ဗောဓိပင်လည်းရှိခဲ့သည်။ ဗောဓိညောင်ပင် ရှိခြင်းလည် မြတ်ဗုဒ္ဓ သက်တော်ထင်ရှားရှိခြင်းနှင့် တူညီသည်ဆိုသော အယူအဆကြောင့် ဗောဓိပင်ကို အလေးအမြတ်ပြုကြခြင်း ဖြစ်သည်။
ပင်းယခေတ်တွင် ပေါ်ထွန်းခဲ့သော ပြည်မင်း မျက်နှာရှည် ကာချင်းတွင် “စံကား ၀တ်စုံမြေ၊ သွန်းညောင်ရေ၊ ထုံးလေ တန်စကူး၊ နွေလဆန်း ဆန်လေဦး၊ ၀တ်ဆံ ရွှေသား၊ စကားပွင့်လှဦး” ဟု ရေးစပ်ခဲ့သည်။
ထိုကာချင်းက ခေတ်တစ်ခေတ်၏ ဘာသာ ယဉ်ကျေးမူ သမိုင်းတစ်ကွက်ကို ထင်ဟပ်ပြနေပါသည်။ ပင်းယခေတ်သို့ ရောက်ရှိလာသောအခါ ကဆုန်ညောင်ရေသွန်း ပွဲတော်သည် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်းကို ဖော်ညွှန်းနေပါသည်။
ဗောဓိညောင်ပင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် မြန်မာ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးနေပြီး မြန်မာ့အနုပညာလောက ရူထောင့်အတွင်းသို့ပါ စိမ့်ဝင်နေသည်ကို တွေ့ရပါသည်။
နန်းမြို့တော်ဟောင်း ယဉ်ကျေးမူမြို့တော်ဖြစ်သော မန္တလေးမြို့မှ နာမည်ကျော် အငြိမ့် လူရွှင်တော်ကြီး ဦးဓာတ်ခိုးသည် အငြိမ့်သဘင် ကပြသောအခါ “ကဆုန်ညောင်ရေသွန်းပွဲ လင်္ကာကြီး” ကို ရွတ်ဆိုခဲ့သည်။
လူကြီးများက နံ့သာအိုး အသီးသီးပိုက်၊ ကညာအမျိုးသမီး တစ်သိုက်က သပြေပန်း မညှိုးအောင် ရေချမ်းအိုး ကိုယ်စီ ရွက်ပြီး ဗိုလ်စည်နှက်ကာ ထီးဖြူ ရှစ်လက်နှင့်တကွ နည်းမူစနစ်မပျက် အတူပျော်မွေ့လျက်။
သူတော် ရသေ့နှင့် ဒိုးပတ်သမား၊ သည့်နောက်ကတော့ တန်ခိုး လျှပ်ကြွားအောင်၊ အဆန်းကွက် တစ်မျိုးကြည်၊ နန်းဆန်တဲ့ အိုးစည်နှင့် အတီး အဆို အက၊ အပြီးမလိုရ နယ်တစ်ခွင် ရွှင်ချို၊ မယ်ဒလင် ဘင်ဂျိုနှင့် အရပ်သားတို့က ပျော်။
ဝိသာခါ နက္ခတ်စန်းရတနာနှင့် ပြိုင်တော့၊ ပန်းစကားဝါ အခိုင်အငုံကြွသည် ကဆုန်လရာသီ အမြတ်မှာ ရွာပြည် အရပ်ရပ်သောင် ခေမေ မလွဲဖို့လို ညောင်ရေပွဲ ပြုကြတဲ့ သဘင်ပွဲကိုဗျာ စသည်ဖြင့် ရွတ်ဆို ပြခဲ့သည်။
ဆရာမင်းသုဝဏ်က “အေးရိပ်သာတဲ့ ပြည်ညောင်ညို၊ ဥသြ တွန်သံချို ဒိုးရိုစီးတဲ့ နဒီတွင်း သမင် ရေသောက်ဆင်း၊ မြက်ခင်းလဲလဲ မြေညီညီ ကံ့ကော်ဝတ်မူန် မူန်စီ၊ ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း၊ လူလေး သွားချေစမ်း” ဟု ရေးစပ်ခဲ့သည်။
မြန်မာပြည် အရပ်ရပ်တွင် ညောင်ပင်များ ပေါက်ရောက်လေ့ ရှိသည်။ အပင်သည် ကြီးမားခြင်း၊ အရိပ်အာဝါသ ကောင်းခြင်း၊ အေးမြစေခြင်း ထည်ထည်ဝါ၀ါ မြင်တွေကရခြင်း စသော ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသည်။ ရွာဦး ရွာထိပ်တွင် အထင်ကရ မြင်တွေ့ရသော ပ ညောင်ပင်ကြီးများသည် ရွာ့ကျက်သရေကို ဆောင်နေသည် သာမက ကျေးရွာများ၏ အလှကျက်သရေကိုလည်း ဖြစ်သေည်။
ကဆုန်ညောင်ရေသွန်း ပွဲတော်ကို ပဒေသရာဇ် ခေတ်မှသည် ယနေ့ထက်တိုင် ကျင်းပနေဆဲ ဖြစ်သည်။ မြို့ကြီး ပြကြီးမှ ကျေးလက် တောရွာ ဇနပုဒ်အထိ ညောင်ရေသွန်းပွဲတော် ကျင်းပခြင်းသည် ဘာသာယဉ်ကျေးမူ အတွက် သာမက သစ်ပင် ပန်းပင် စိမ်းလန်းစိုပြည်ရေးကိုလည်း အထောက်အကူ ပြုလျက် ရှိသည်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မှုစဉ် သတ္တ၀ါ ဝေနေယျတို့အား ချီးမြှောက်ရန်အတွက် ဒေသစာရီ ကြွချီတော်မှုလေ၏။ ထိုအခါ သာဝတ္ထိမြို့သူ မြို့သားတို့သည် ဘုရားရှင်အား ပူဇော် ကန်တော့ကြရန် ပန်းနံ့သာ လှူစရာများကိုယူဆောင်လျက် ဇေ၀န် ကျောင်းတော်သို့ သွားကြကုန်၏။ ဇေတ၀န် ကျောင်းတော်သို့ ရောက်သောအခါ ဘုရားရှင် မရှိသည့်အတွက် ပူဇော်ခွင့်မရကြလေကုန်။ ထိုအခါ မိမိတို့ ယူဆောင်ခဲ့သော ပန်းနံ့သာများကို ဂန္ဓကုဋီကျောင်းတိုက်၏ တံခါးဝ၌ ချထားကြကုန်လျက် ပြန်လာခဲ့ကြကုန်၏။
ထိုအကြောင်းကို အနာထပိဏ်သူဌေးကြီးသိရသည့်အခါ အရှင်အာနန္ဒာမထေရ်သို့ကပ်၍-အရှင်ဘုရား ဤ ဇေတ၀န်ကျောင်းတော်ကြီးသည် မြတ်စွာဘုရား ဒေသစာရီကြွချီသောအခါ၌ ကိုးကွယ်ရာမဲ့ နေပါသည်။ ပူဇော်ခွင့်လည်း မရှိပါ။ အရှင်ဘုရားသည် ဤအကြောင်းကို ဘုရားရှင်အား လျှောက်ထားပြီး ဘုရားရှင်မရှိခိုက် ဘုရားရှင်ကိုယ်စား ကိုးကွယ်ပူဇော်ရာကို လျှောက်ထားပေးပါဘုရားဟု လျှောက်ထားလေသည်။ မဟာဗောဓိ ပင်မှ မျိုးစေ့ကိုယူ၍ ဇေတ၀န်ကျောင်းတော်၏ တံခါးဝ၌ စိုက်ပျိုးခွင့်ပြုရန် အရှင်အာနန္ဒာက မြတ်စွာ ဘုရားရှင်အား လျှောက်ထားလေ၏။ ဘုရားရှင်သည် စိုက်ပျိုးခွင့်ကိုပေးလျက် -
ဤသို့ ဗောဓိပင်ကို စိုက်ပျိုးထားခြင်းသည် ဇေတန်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေတော်မှုသည် နှင့် အတူတူပင်ဖြစ်လတ္တံ့ဟု မိန့်ကြားတော်မှုခဲ့သည်။
သာဝတ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့် ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော် ကြကုန်၏။
ဤကဆုန်လသည်ကား လွန်ခဲ့သောနှစ်က ရွာသွန်းခဲ့သော မိုးနှင့်လည်း အလွန်ဝေးကွာလာခဲ့သည် နောက်လာ ခဲ့သည် နောက်လာမည့် မိုးကလည်းမရွာသေးချေ။ သို့ဖြစ်ရကား ဤကဆုန်လသည် ရေများခန်းခြောက်နည်းပါး ကာ မြေဓာတ်၌ ရေအပြတ်ဆုံးလဖြစ်လေသည်။ လူတို့သည် ဘုရားအလောင်းတော် ဘုရားအဖြစ် ရောက်တော် မှုရာ မဟာဗောဓိပင်မှ ကူးယူစိုက်ပျိုးခဲ့သော ဤမဟာဗောဓိပင်ကို ဘုရားရှင်၏ကိုယ်စား ကိုးကွယ်ရာ ရှားပါးအဖိုးတန်ဝတ္ထုအဖြစ် လေးစားကိုးကွယ်ခဲ့ကြသည်။ ထိုရှားပါးအဖိုးတန်လှသော မဟာဗောဓိပင် သေမသွားစေရန် ရည်ရွယ်၍ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လတွင် မဟာဗောဓိပင်ကို ညောင်ရေသွန်း လောင်း၍ ပူဇော်ကြခြင်းဖြစ်ပါသည်။ ဤမဟာဗောဓိပင်သည် စေတီ(၄)မျိုးတို့တွင် ပရိဘောဂစေတီတတော် ဖြစ်သည်။
ဤကဆုန်လဟူသော စကားရပ်၌ ကဆုန်ဟူသော အခေါ်အဝေါ်သည် “ကဆိန္န” ဟူဠေိကို “ကဆုန်” ဟု မြန်မာမှုပြုထားသော ပါဠိသတ်ဝေါဟာရ အမည်ဖြစ်သည်။ ဤ ကဆိန္န၌ (က=ရေ၊ ဆိန္န=ပြတ်သည်) ကဆိန္န=မြေဓာတ်မှာ ရေပြတ်သောလဟု အဓိပ္ပာယ်ရသည်။ ကံ=ဥဒကံ ဆိန္နတိ ဧတ္ထာတိ ဣတိ-ထိုကြောင့် ၊ ကံဆိန္နမည်၏ဟုလည်း ဆိုကြသေး၏။ ဤသို့ ရေအပြတ်ဆုံးလဖြစ်သော ဤကဆုန်လ၌ မဟာဗောဓိပင် သေမသွားစေရန်နှင့် ဘုရားရှင်ကိုယ်စား ကိုးကွယ်သောအားဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြခြင်း ဖြစ်ပေသည်။
ထိုဗောဓိပင်ကို ပူဇော်သော အစဉ်အလာသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ပင်းယခေတ်တို့ကပင် ရှိနေသည်ဟု (သက္ကရာဇာ် ၅၆၃၊ သင်ကြီးညောင်အုပ် ကျောက်စာတို့အရ) သိရလေသည်။ယနေ့အချိန်အထိ ဗုဒ္ဓဘာသာ မြန်မာတို့သည် ညောင်ရေသွန်းပွဲတော်ကို မြန်မာယဉ်ကျေးမှုတစ်ရပ်အဖြစ် သတ်မှတ်လျက် ကဆုန်လပြည့်နေ့ တွင် ဗောဓိပင်အား ညောင်ရေသွန်းလောင်းခြင်း ပန်းနံ့သာကပ်လှူခြင်းများ ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လျက် ရှိသည်။
ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်။
၁။ အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
၂။ အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
၃။ တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
၎။ သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
၅။ ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
၆။ ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
၇။ စံကားပန်းပွင့်သော လ။
၈။ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
၉။ တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
၁၀။ နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
၁၁။ ရက်စုံသတ်သော လ။
၁၂။ နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့ ထားသော လ။
၁၃။ စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
၁၄။ နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
၁၅။ ၁ပြိဿရာသီ မည်သော လ။
၁၆။ ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။